Chapter (10)

2.5K 215 11
                                    

[Unicode]



ကွေ့ကောက်နေသည့် ပြင်ဦးလွင်အဆင်းလမ်းပေါ်တွင် အနက်ရောင်ကကားတစ်စီး တရိပ်ရိပ်ရွေ့လျားနေသည်။ကားပေါ်တွင်လိုက်ပါလာသော လူလေးဦးလုံး၏ မျက်နှာအမူအယာက သိပ်မကောင်းလှ။စိုင်းထီးဆိုင်၏ 'သံလွင်ချောင်းခြား' သီချင်းသံလေး ခပ်တိုးတိုးပျံ့လွင့်နေရုံကလွဲပြီး တစ်ကားလုံး အပ်ကျသံပင်မကြားရလောက်အောင် ငြိမ်သက်နေခဲ့သည်။ထိုတိတ်ဆိတ်မှုကို စတင်ပြီး ဖြိုခွဲလိုက်သူက ဦးမျိုးသိန်းဖြစ်သည်။

'သုတ ...မင်း ကျောင်းပျက်တဲ့ အကြောင်း ဆရာမတွေကို ဖုန်းဆက်ပြောထားသေးလား'

'ဌာနမှူးကို ဖုန်းဆက်ပြီး ပြောထားတယ်အဖေ..... ဆရာမက ကိစ္စအားလုံးပြီးမှ ကျောင်းပြန်လာခဲ့တဲ့ ...Minor ဆရာမတွေကိုရော သူခွင့်တိုင်ပေးထားမယ်ပြောတယ်'

'ကောင်းတာပေါ့ အဲ့တာဆို မနက်ဖြန် တနင်္လာနေ့ ကျောင်းတက်မယ်မလား သား'

'ဟုတ် အဖေ'

'အဖေ လိုက်ပို့ ပေး ရမလား'

'ရပါတယ် အဖေ ကျွန်တော် ဆိုင်ကယ်နဲ့သွားတာ အဆင်ပြေပါတယ်'

အဖေနှင့်သူ၏ အမေးအဖြေအဆုံးတွင် ပြန်လည်တိတ်ဆိတ်သွားပေသည်။သူ့နံဘေးမှာထိုင်နေသော ဒေါ်လေးကို စောင်းငဲ့ကြည့်ပြန်တော့ ဒေါ်လေးက ကားမှန်မှတဆင့် အပြင်ဖက်သို့ ငေးကြည့်နေသည်ကိုတွေ့ရသည်။တောင်အဆင်းလမ်း၏ ခပ်ဝေးဝေးကမြေပြန့်မှာရှိနေသော မန္တလေးမြို့မှာတော့ သူတို့၏ အိမ်ပြန်ချိန်ကို ငြိမ်သက်စွာပင် စောင့်ကြိုနေခဲ့သည်။

___________________________________

ဒီနေ့ တနင်္လာနေ့သည်လည်း သူ၏ ပုံမှန်ကျောင်းတက်ရက်များလိုပင် ဖြစ်သည်။မနက်စောစောအိပ်ယာထကာ ရေချိုး ကျောင်းဝတ်စုံလဲပြီး အမေပြင်ပေးထားသော မနက်စာကိုစားသည်။ပြောနေကျအတိုင်း 'ကျောင်းသွားတော့မယ်'ဟုပြောပြီး ဆိုင်ကယ်ပေါ်တက်ကာ ကျောင်းကို ထွက်လာသည်။ထုံးစံအတိုင်းမဟုတ်တော့သည့် အရာတစ်ခုသည် သူ့မျက်နှာပေါ်မှ အရယ်အပြုံးများ လျော့နည်းသွားခြင်းသာဖြစ်သည်။

စာသင်ခန်းထဲကို ဝင်လိုက်သည်နှင့် အတန်းသားအားလုံး၏ အကြည့်ကသူ့အပေါ်ကို ကျရောက်လာသည်။ရင်းနှီးသော သူငယ်ချင်းတစ်ချို့က 'အဆင်ပြေလား 'ဘာညာ မေးခွန်းများနှင့် နှစ်သိမ့်ဖို့ ကြိုးစားကြတိုင်း 'အဆင်ပြေပါတယ်ကွာ အေးဆေးပေ့ါ' ဟုသာ ပြန်ဖြေလိုက်သည်။အပူရုပ်ကို ဟန်လုပ်တယ် ဆိုတာ ဒီလိုအခြေအနေမျိုးကို ပြောတာဖြစ်မည်ထင်ပါသည်။

The last sunshine we touched [Completed]Where stories live. Discover now