အပိုင်း (၂၆)

5.4K 635 6
                                    




ငါက ပြေးဖို့ရယ် လူမှားဖို့ရယ် ကံဇာတာ ပါတာလား… အားအားရှိ ပြေးလွှားနေရတယ်…. ငိုးမ ဘဝ…!!!!!


သူမကိုယ် သူမကျိန်ဆဲလိုက်သည်။ ကွမ်းချီအိမ်တွင် မနေဘဲ ဖင်ယားပြီး ပြန်ခဲ့သည်ကိုတွေးမိတော့ နောင်တရသလိုလို။ ပြေးရင်းလွှားရင်း မောလာသည်။ နောက်ကလည်း မှီလာတော့မည်။ ကုန်းမြင့်လျှိုတစ်ခုနားရောက်ချိန်တွင် ကိုယ်ယောင်ဖျောက်ရန်အလို့ငှာ အောက်သို့ခုန်ချလိုက်သည်။ အောက်သို့ကျသွားသည်နှင့် ခြေထောက်မျက်သွားသည်ကို ဂရုမစိုက်နိုင်။ ပုန်းဖို့ နေရာရှာရန် ဟိုဟိုဒီဒီ လှည့်ကြည့်ရင်း ကျောက်စွန်းအမိုးအောက်တွေ့သဖြင့် ပြေးဝင်သည်။

အု… ဝူး….

သူမပါးစပ်ကို လက်တစ်ဖက်က လှမ်းပိတ်ခြင်းခံရသည့်အပြင် လူကိုပါ ဆွဲယူခြင်းခံရသည်။ အတင်းရုန်းကန်ရန် ခြေလက်တို့ကို လှုပ်ရှားဖို့ပြင်လိုက်ရာ

"ရှူး…. တိတ်တိတ်နေ…"

နား နားသို့ကပ်ပြောသံကြောင့် သူမလှုပ်ရှားမှုတို့ကို ရပ်လိုက်သည်။

ဒီလူ ဘယ်တုန်းက ရှိနေတာလဲ… ငါပဲ မမြင်မိတာလား…!!!

"မတွေ့ဘူး…. လူခွဲရှာကြစမ်း…"

"အရှင်ဖမ်းမိအောင်လုပ်ကြ…."

လျှိုအပေါ်ဘက်က စကားသံတို့ကို ကြားရသည့်အပြင် ထိုသူတို့က လျှိုဘက်ကို ငုံ့ကြည့်လာသောကြောင့် သူမကို ပါးစပ်ပိတ်ထားသည့်သူက မြေနံရံသို့ ခန္ဓာကိုယ်ကို ကျုံ့ပြီးတိုးဝင်လိုက်သည်။ နှစ်ယောက်သား ပိုမိုပူးကပ်သွားသည့် အထိအတွေ့ကြောင့် သူမနှာခေါင်းရှုံ့သွားသည်။ မြင်းခွာသံ၊ လူသံတို့ ဝေးသထက်ဝေးသွားတော့မှ သူမပါးစပ်ကိုပိတ်ထားသည့်လက်အား ခဲနိုင်သလောက် ခဲကာ ကိုက်လိုက်သည်။

"အား…… မင်း…."

မှတ်ထား…. အခွင့်အရေးယူချင်ဦး…!!!!

ထိုလူလက်က လွတ်သွားသည်နှင့် ပါးစပ်က ငံကျိကျိသွေးစတို့ကို ထွေးထုတ်ကာ သူမ၏ခြေတစ်ဖက်ကို အသားယူသည့်လူ၏ ရင်ဘတ်သို့ ဝဲပျံစေသည်။

ဘုန်း….

"အဟွတ်… အဟွတ်… ဝေါ့…"

သွေးတို့ အန်လာသောကြောင့် သူမ မျက်လုံးပြူးသွားမိသည်။
ငါကန်တာ အဲ့လောက် မပြင်းပါဘူး… ဒီလူ ဒဏ်ရာရထားတာလား….!!!

"ညီလေး…. အဟွတ်…. မင်းင့ါကို ကူတွဲပေးလို့ရမလား…."

"အော်… အင်း…."

ဒဏ်ရာရထားသည့် လူစိမ်းတစ်ဦးကို တွဲပေးဖို့က သူမလုပ်နိုင်ပါသည်။ သူမကို လိုက်ဖမ်းနေသည့် လူတစ်စုလက်က လွတ်သွားအောင် ပုန်းဖို့ကူညီခဲ့တာကြောင့်လည်းပါသည်။ လူစိမ်းကို သူမရဲ့ ပခုံးပေါ်မှီစေကာ လမ်းဖြေးဖြေးလျှောက်ရင်း

"သူတို့တွေက ဘာလို့ခင်ဗျားကို အသည်းအသန် ရှာနေတာလဲ…. ခင်ဗျား အတော်ကြီးတဲ့ ပြစ်မှု လုပ်ထားတာလား… ဒါဆို ခင်ဗျားကို မကယ်နိုင်ဘူးနော်…."

"ငါ… ဘာပြစ်မှုမှ မကျူးလွန်ထားဘူး…."

"ခင်ဗျား တစ်ခုခု လုပ်ထားလို့နေမှာပေါ့… ပြီးတော့ ခင်ဗျားက အပြစ်မလုပ်ထားဘူးလည်း ပြောသေး…. ဒီမျက်နှာဖုံးက တပ်ထားသေး…. ဖယ်လိုက်စမ်းပါ…"

ပြောရင်းဆိုရင်း လက်က မျက်နှာဖုံးကို ဆွဲခွာရန် လုပ်နေသဖြင့် လူစိမ်းက သူမကို တွန်းထုတ်လိုက်သည်။ သူမမြေကြီးပေါ်ဖင်ထိုင်လျက် လဲကျသွားသလို ထိုလူစိမ်းကလည်း မြေကြီးပေါ်ပြုတ်ကျသွားသည်။

"ဟေ့လူ…. မလုပ်နဲ့လို့ပြောရင် ရတာပဲကို… စိတ်ကြီးပဲ…"

လူစိမ်းကို ဆွဲထူရာတွင် အနှီအမျိုးသားက တုတ်တုတ်မျှ မလုပ်တော့။

"ဟေ့… သေတော့ မသေပါနဲ့ဦး… ငါ့ကြောင့်လို့တော့ နာမည်မထွက်နိုင်ဘူး…"

သတိမေ့သွားမှန်း သိသည်နှင့် သူမခေါင်းကို တဗြင်းဗြင်း ကုတ်တော့သည်။

"ချီးထုပ်ပဲ… ငါ နင့်ခန္ဓာကိုယ်ကို မ နိုင်တဲ့ အားမရှိဘူးဟဲ့… နင်က စစ်သားလား… သံချပ်ဝတ်ကြီးနဲ့…"

ခဏအကြာတွင် နွယ်ကြိုးတို့ဖြင့် တုပ်ချီခံထားရသော အမျိုးသားတစ်ဦးကို အခြားသူတစ်ဦးက အခြားသော နွယ်ကြိုးများဖြင့် တရွတ်တိုက် မနိုင်မနင်း ဆွဲသွားသည်ကို တွေ့ရမည်ဖြစ်သည်။

-------------------------------

"ဟူး….. ရောက်ပြီ ကျေးဇူးရှင်ရဲ့…."

"ခေါင်းဆောင်ရိန်း… တော်သေးတာပေါ့… အသက်ရှိသေးလို့…"

"နင်တို့ ငါသေတာကို စောင့်နေကြတာလား…
ကျနော်တို့ မပြောရဲပါဘူး… ခေါင်းဆောင်ရိန်း … ဗွေမယူပါနဲ့…"

"ဘယ်သူ့ကို ခေါ်ခဲ့တာလဲ…."

"လမ်းမှာ ငါနဲ့တွေ့လို့… ဒဏ်ရာလည်း ရထားပုံရတယ်… သနားလို့ခေါ်လာတာ… သူ့ကို နွယ်တွေ ဖြေပေးလိုက်ပါဦး…"

သူမ လူစိမ်းနားသွားကာ

"ဟေ့လူ…. သတိရတော့… ဇိမ်ကျမနေနဲ့…."

ခပ်ဆတ်ဆတ် ပုပ်ပေမယ့် မလှုပ်သည့်လူကို စိတ်မရှည်။

"ခေါင်းဆောင်ရယ်… ကျနော်တို့ပဲ လုပ်လိုက်ပါ့မယ်…. သွားအနားယူလိုက်ပါ…."

သူမကို သုံးကလေးက အတင်းဆွဲခေါ်သွားကာ သူမအခန်းထဲထည့်ပြီး တံခါးကို ပိတ်ပေးသွားသည်။ ခဏအကြာတွင် မို့ရန် သူမအခန်းကနေ ထွက်ကာ အိမ်၏ ဘေးထောင့်စွန်းရှိ အခန်းသို့ လျင်မြန်သော ခြေလှမ်းဖြင့် ဝင်သွားသည်။ သူမရောက်တော့ လူစိမ်းကို ဆေးထည့်ပြီးနေနှင့်ပြီ။ မျက်နှာဖုံးတော့ မဖြုတ်ရသေး။

"ဒဏ်ရာက ဘယ်နှယ့်လဲ…."

"ပြင်ပဒဏ်ရာတွေက များပြီး အတော်ထိခိုက်ထားပုံရတယ်… အတွင်းဒဏ်ရာတွေက မစမ်းသပ်ရသေးဘူး…"

"ခေါင်းဆောင်ရိန်း… သူက စစ်သားတစ်ယောက်ပုံပဲ… ကျနော်တို့ သူနဲ့ မပတ်သက်ရင်ကောင်းမယ်…"

"စစ်တပ်ကဆိုရင် မကုဘဲ ထားကြရအောင်… တပ်ကို သတင်းပို့လိုက်ရင် ငါတို့ အဖမ်းခံနေရဦးမယ်…"

"ငါတို့ ဒီနယ်မြေကို ကျွမ်းတာ မေ့နေကြပြီလား… သူသတင်းပို့လည်း ဘာလုပ်နိုင်မှာမို့လဲ…
တော်ကြတော့… လူကိုအရင်ကုပြီးမှ ဆက်ပြောကြစို့…"

မို့ရန်ကြောင့် တောပုန်းဖူတို့အုပ်စု အသံတိတ်သွားကြသည်။ မို့ရန်အနေဖြင့် ထိုသူ့ကို ဘာကြောင့် ကယ်ချင်နေမှန်းမသိ ဖြစ်နေသည်ကို အဖြေရှာမရသေး။ သူမအသံကလည်း စိတ်အလိုမကျသောကြောင့် နည်းနည်းကျယ်သွားမိသည်။

"ဆောရီး… ခင်ဗျားတို့လည်း နားတော့လေ… သူ့ကို ကျနော်ကြည့်ထားလိုက်မယ်…"

ဆောရီး…. အဲ့တာ ဘာပြောတာလဲ!!!!

တောပုန်းဖူတို့ ရှေ့က စကားလုံးကို နားမလည်သော်လည်း အခန်းထဲက အလျှိုလျှိုထွက်သွားကြသည်။ သူမလည်း ခုတင်ပေါ်ရှိလူနားသို့ တိုးကပ်သွားပြီး မျက်နှာဖုံးကို ခွာသင့် မခွာသင့် ဦးနှောက်ကစဉ်းစားဆဲ ဖြစ်နေပေမယ့် လက်က အလိုလိုရောက်သွားပြီး ဖြစ်သည်။












ကြင်ယာတော် "မို့ရန်"Where stories live. Discover now