B-Base က ဆေးရည်တွေကိုတီထွင်ခဲ့တဲ့သိပ္ပံပညာရှင်ကို လျှို့ဝှက်ထားခဲ့ပေမဲ့ လုံးဝထင်မထားမိခဲ့တာက ဒီဆေးရည်အားလုံးရဲ့မူလဖန်ဆင်းရှင်ဟာ ဒေါက်တာပိုင်ဖြစ်နေခဲ့တာပဲ။ ဒေါက်တာပိုင်က ကာကွယ်ဆေးမဖော်နိုင်ခင်မှာတောင် မရေမတွက်နိုင်တဲ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တာပဲ။

ကော်ကျစ်ရိန် ရိုးသားစွာခေါင်းငြိမ့်လိုက်မိတယ်။ သူ့ရင်ထဲမှာတော့ အကြောက်တရားက ဆိုးဆိုးဝါးဝါးထိုးနှက်နှိပ်စက်နေတယ်။ ကံကောင်းလို့ သူဒေါက်တာကိုလုပ်ကြံတဲ့ကိစ္စက မအောင်မြင်ခဲ့တာ၊ မဟုတ်ရင် လူသားမျိုးနွယ်ကိုပျက်ဆီးစေခဲ့တဲ့ နောက်ကွယ်ကတရားခံဟာ သူဖြစ်နေတော့မှာ။ အခုအချိန်ကစပြီး နောက်ဆို ခေါင်းဆောင် သူ့ကိုလေ့ကျင့်ခန်းလုပ်ဖို့ခေါ်သွားတိုင်း အရိုက်ခံရလဲ လုံးဝစိတ်ထဲမှာမထားတော့ဘူး။ သူ ခေါင်းဆောင်ဆီမှာ ပျော်ပျော်ကြီးကို အရိုက်ခံလိုက်တော့မယ်။

သူအတွေးနယ်ချဲ့နေတုန်းမှာပဲ အနောက်ကနေ ဒေါက်တာပိုင်ရဲ့စကားသံကိုကြားလိုက်ရတယ်။ "နေဦး!! မသွားနဲ့ဦး။ ကိစ္စတစ်ခုရှိသေးတာ မေ့တော့မလို့"

"ဒေါက်တာ။ ဘာကိစ္စပဲဖြစ်ဖြစ် ဘယ်လိုအခက်အခဲတွေပဲရှိရှိ အချိန်မရွေးပြောနော်။ ကျွန်တော် ကျိန်းသေပေါက်အကောင်းဆုံးဖြည့်ဆည်းပေးမယ်" ကော်ကျစ်ရိန် ရောက်ရာအရပ်ကနေ 'ဂ'ငယ်ကွေ့ ကွေ့လာပြီး ဒေါက်တာ့ဘေးနားကိုဝှီးခနဲပြေးသွားရင်း ပြောလိုက်တယ်။ သူ့ပုံစံက မသိရင် နန်းတွင်းကားထဲက ဘုရင်ကိုကပ်ဖားရပ်ဖားလုပ်နေတဲ့ ကုန်းကုန်းကျနေတာပဲ။

"ကျုပ်ဆီမှာ ဖော်မြူလာတချို့ရထားတာရှိတယ်။ လိန်ချွမ်းကို ဓာတုဗေဒပညာရှင်တချို့ကို အမြန်ဆုံးရှာဖို့ပြောလိုက်ပါ။ အဲ့ဒီသိပ္ပံပညာရှင်တွေကို ဒီပစ္စည်းတွေကိုတီထွင်ခိုင်းလိုက်" ကျိုးယွင်ရှန့် ကော်ကျစ်ရိန်ကို ရုံးခန်းထဲခေါ်လာပြီး ကွန်ပြူတာထဲက ဖိုင်ပေါင်းများစွာကိုဖွင့်ပြရင်း ပြောလိုက်တယ်။

ကော်ကျစ်ရိန် ကွန်ပြူတာမျက်နှာပြင်ကို ကြည့်လိုက်တယ်။ ထိုဖိုင်ထဲကအကြောင်းအရာတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ သူ့မျက်လုံးတွေဟာ အဆမတန်ပြူးကျယ်သွားတော့တယ်။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now