ပိုင်မော့ဟန် ဘေးနားကရေပုံးထဲကရေတချို့ကိုသုံးပြီး ကြွေခွက်ထဲကသွေးတွေကိုဆေးချပစ်လိုက်တယ်။ အနီရောင်ရေတွေဟာ ရေပိုက်တစ်လျှောက်စီးဆင်းသွားတယ်။ ကြွေခွက်ဘေးနားက သွေးစက်တွေကိုတော့ အ၀တ်ဟောင်းတစ်စနဲ့ပဲ ဖြစ်သလိုသန့်ရှင်းရေးလုပ်လိုက်တယ်။ ပြီးတာနဲ့လက်တွေကိုဆေးကြောလိုက်ပြီး ပုံမှန်အတိုင်းပဲ သန့်စင်ခန်းကနေပြန်ထွက်လာတယ်။ သူ့အမူအရာက ဘာမှထူးထူးခြားခြားပြောင်းလဲသွားတာမတွေ့ရဘူး။ မသိရင် အခုလေးတင်သူထွေးထုတ်ခဲ့တာတွေက သွေးတွေမဟုတ်ဘဲ သာမာန်တံတွေးထွေးခဲ့သလိုပဲ။ လိန်ချွမ်းဟာ ပိုင်ရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာ သူ့မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးတဲ့အမူအရာတွေပေါ်လာတယ်။

ဒီလူဟာ သူ့ရည်ရွယ်ချက်ဖြစ်မြောက်ဖို့အတွက် အဆုံးအစွန်ထိပေးဆပ်ထားမှန်း လိန်ချွမ်းနားလည်တယ်။ သူ့ခန္ဓာကိုယ်က တစ်စစီပြိုကွဲသွားတော့မယ့်အတိုင်းပဲ။ လိန်ချွမ်းကိုယ်၌လဲ ထူးမခြားနားပဲဆိုပေမယ့် အနည်းဆုံးတော့ သူ့မှာ Healing အစွမ်းရှိသေးတယ်။ ခက်တာက ပိုင်ဟာ ဆရာဝန်ပြဖို့ ငြင်းဆန်နေတာပဲ။ မဟုတ်ရင် သူ့အခြေအနေတွေကို ဒီလောက်ထိ ကြိုးစားပမ်းစားဖုံးကွယ်နေမှာမဟုတ်ဘူး။

'ကျုပ်...မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့အတွက် ဘာမဆိုပေးဆပ်ရဲတယ်' ပိုင်မော့ဟန်ပြောခဲ့ဖူးတဲ့စကားကို သူမှတ်မိတယ်။ ဒီလူပြောတဲ့ ဘာမဆိုပေးဆပ်မှုဆိုတာ သူ့အသက်ပါ ပါနေခဲ့တာလား??

ဒီအကြောင်းကိုစဉ်းစားမိတာနဲ့ လိန်ချွမ်းမျက်နှာပေါ်မှာ လှောင်ပြုံးတစ်ခုပေါ်လာတယ်။ မကောင်းဆိုးဝါးနဲ့ပတ်သတ်ပြီး ခံစားချက်တွေမရှုပ်ထွေးဖို့ လိန်ချွမ်း ကိုယ့်ကိုကိုယ်သတိပေးလိုက်တယ်။ အဲ့ဒီလူ သူ့ခန္ဓာကိုယ်ကို ခွဲစိတ်ဓားနဲ့လှီးဖြတ်နေတုန်းကခံစားခဲ့ရတဲ့ နာကျင်မှုတွေကို မမေ့သွားဖို့လဲ ကိုယ့်ကိုကိုယ်သတိပေးလိုက်တယ်။

ကျိုးယွင်ရှန့် ခန္ဓာကိုယ်ရော ၀ိဥာဉ်မှာပါ ပြင်းထန်တဲ့နာကျင်မှုကိုခံစားရတယ်။ သူဓာတ်ခွဲခန်းဆီပြန်ရောက်တဲ့အချိန်မှာ နာကျင်မှုဟာ နှစ်ဆလောက်ပြင်းထန်လာသလိုတောင်ထင်ရတယ်။ ကျိုးယွင်ရှန့်အနေနဲ့ သူ့ခန္ဓာကိုယ်ရဲ့အခြေအနေတွေကို တခြားသူတွေကို သိခွင့်မပေးနိုင်ဘူး။ သူ့အတွက် ဆေးခန်းထဲမှာ လဲလျှောင်းနေဖို့ အချိန်ပိုမှမရှိပဲ။ တကယ်လို့ ကာကွယ်ဆေးကိုသာအချိန်မီမဖော်နိုင်ခဲ့ရင် သူ့မှာရှိတဲ့လက်ကျန်စွမ်းအင်က ကြယ်ပင်လယ်ဆီပြန်ဖို့တောင် လုံလောက်တော့မှာမဟုတ်ဘူး။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now