ပန်းပွင့်သတို့သမီးအပိုင်း (၇)

8.3K 483 1
                                    

ပန်းပွင့်သတို့သမီး
အပိုင်း (၇)

တင်ဂီရိ သည် စာဂိရိ၏ အဆောင်မှ ထွက်ကာ ထိမိုယွမ်ထံ လာခဲ့သည်။ မိမိ မျက်စေ့အောက်မှ ခိုးထွက်ကာ စာဂိရိ ထံ ရောက်အောင်သွားသည့် ထိမိုယွမ်၏ ဥာဏ်ကို ဒေါသထွက်သည့် ကြားမှ ချီးကျူးမိသည်။ ဆောင်ကြာမြုင်ရောက်တိုင်း မိန်းကလေးနှင့် အိပ်ခန်းထဲသို့ အရင်ဝင်သွားသဖြင့် မိမိသူ့ကို အနည်းငယ် ပေါ့ဆသွားမိသည်မှာ အမှားကြီးမှားလေပြီ။ယနေ့မှ မိမိ သိပြီး ချက်ချင်းလိုက်လာသဖြင့် စာဂိရိ ထံတွင် လာမိခြင်းဖြစ်သည်။ ထိမိုယွမ် သည် စာဂိရိကို ခြိမ်းခြောက်ကာ လက်ထပ်ပွဲကို သဘောတူရန်ကြိုးစား နေသည် ကို မိမိယခုမှ သိလိုက်မိသည်မှ အချိန်မှီရုံလေးပင်ဖြစ်သည်။

'ထိမိုယွမ် ... မင်း ဘာသဘောလဲ။ မင်းအပေါ် ကျူပ်ဒီလောက် ဧည့်ဝတ်ကျေအောင်ထားတဲ့ကြားက ဘာကြောင့် တပင်တိုင်နန်းဆောင်ကို သွားရတာလဲကွာ'
တင်ဂီရိ သည် ဒေါသကို ထိန်းကာ ထိမိုယွမ်ကို မေးလိုက်သည်။

'ကျွန်တော် စာဂိရိ ကို ချစ်တယ် နောင်တော်။ သူ့ကို တောင်းရမ်းဖို့ သံတမန်အဖွဲ့ မနက်ဖြန်ဆိုရောက်ပြီ။ ကျွန်တော့်ကို လက်ခံပေးပါ။ ကျွန်တော်နဲ့ လက်ထပ်ပြီးရင် စာဂိရိ ဖြစ်ချင်တာအားလုံးကို ဖြည့်ဆည်းပေးပါ့ မယ်'
ထိမိုယွမ် သည် စာဂိရိကို ချစ်သည့်အကြောင်းကို ဖွင့်ပြောလိုက်သည်။ တင်ဂီရိ ၏ စိတ်ထဲတွင် စာဂိရိကို မိမိ အပျော်ကစားနေသည်ဟု အထင်မခံနိုင်ပေ။

တင်ဂီရိ ခေါင်းကြီးသွားသည်။ မိမိမဖြစ်ချင်ဆုံးကိစ္စဖြစ်လာခဲ့လေပြီ။ သွားပြီဟု တွေးမိလိုက်သည်။ စာဂိရိကို ငြီးငွေ့တော့မှ သူစွန့်ပစ်တော့မည်။ စာဂိရိကို ထိဘ၀တော့ အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် မိမိစိတ်ကို ထိန်းကာ သူ့ကို တောင်းပန်လိုက်သည်။

'မင်း စာဂိရိ ရဲ့ လျှို့ဝှက်ချက်ကို သိလျက်နဲ့ကွာ။ သူ့ကို လွှတ်ပေးလိုက်ပါ။ မင်းတို့ တိုင်းပြည်ကို သစ္စာခံဆို ခံပါ့မယ်။ စာဂိရိ ကို ချမ်းသာပေးလိုက်ပါ။ မင်းအတွက် အချောအလှ မရှားပါဘူး။ သူကလွဲရင် မင်းကြိုက်တဲ့သူ ကိုတောင်းလို့ရတယ်။ '

'နောင်တော် ...တော်ပါတော့ဗျာ။ ကျွန်တော် တစ်ခွန်းတည်းပြောမယ်ဗျာ။ စာဂိရိကို မပိုင်ရရင် ကျွန်တော် အသက်မရှင်ချင်တော့ဘူး။ သူ့ကို ရဖို့ ဘာမဆိုလုပ်မယ်လို့ ဆုံးဖြတ်ပြီးသွားပြီ။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော် ဒီတစ်ခါ စာဂိရိကို မြတ်မြတ်နိုးနိုးနဲ့ချစ်တာပါ။'
ထိမိုယွမ် တင်ဂီရိ၏ စကားကို ဖြတ်ပြောကာ အပြတ်ပြောလိုက်သည်။

'စာဂိရိ စိတ်ဆင်းရဲမှာကို မင်းထည့်မတွက်တော့ဘူးလား ထိမိုယွမ်။ စာဂိရိ မင်းနဲ့လက်ထပ်ရမှာ အရမ်းကြောက်နေတယ်။ '

'လက်ထပ်ပြီးရင် ကျွန်တော့်အချစ်ကို သက်သေပြပါ့မယ် နောင်တော်။ ကျွန်တော် စာဂိရိ ကို တသက်လုံး စိတ်ချမ်းသာအောင်ထားမှာပါ။ စာဂိရိကို စိတ်ဆင်းရဲအောင် လုပ်မိရင် နောင်တော် ကျွန်တော့်ကို လာသတ် လှည့်ပါ။ '

တင်ဂီရိ သည် ထိမိုယွမ် ၏ မျက်နှာကို စေ့စေ့ကြည့်ကာ ဒေါသထွက်နေမိသည်။ ထိမိုယွမ်က တကယ့်ကို နောက်ဆုတ်မည့်ပုံ မပေါ်သဖြင့် တင်ဂီရိ ရှေ့ဆက်လုပ်ရမည့် အစီအစဉ်ကို တိတ်တဆိတ် ရေးဆွဲနေမိသည်။
စာဂိရိ ကိုကာကွယ်ရန် နန်ကျောင်ပြည်နှင့် မိမိတို့ တိုင်းပြည် စစ်ဖြစ်ရုံပဲရှိတော့မည်။

'ကောင်းပြီလေ။ နောက်နေ့ ညီလာခံမှာပဲ ပြောကြတာပေါ့'

ထိမိုယွမ်သည် တင်ဂီရိ ပြန်သွားတော့မှ အိပ်ယာထက်တွင်လှဲအိပ်ရင်း မကြာခင် ဖြစ်လာမည့်အရေးကို တွေးနေ မိသည်။ တက်ဂီရိ၏ ပုံစံက စာဂိရိကို ကာကွယ်ရန် ဘာမဆိုလုပ်မည်ဟု ဆုံးဖြတ်လိုက်ပုံပေါ်သည်။ သို့သော် စာဂိရိ ၏ တိုင်းပြည်စစ်ဖြစ်ပြီး ပြည်သူများသေကြေမည်ကို စိုးရိမ်သည့်စိတ်ကို မိမိသိထားသောကြောင့် မိမိ၏ လက်ထပ်ခွင့်ကို စာဂိရိ လက်ခံမည်ကို ယုံကြည်ပြီး စိတ်ချလက်ချ အိပ်သွားတော့သည်။

..............................................x...................................................x...................................................
အာနန်ပြည့်ရှင်မင်းသည် နန်ကျောင်ပြည်မှလာသော သံတမန်အဖွဲ့ကို ကြိုရန် အိမ်ရှေ့မင်းသားနှင့်အဖွဲ့ကို လွှတ်လိုက်သည်။
သံတမန်အဖွဲ့နန်းတော်ထဲသို့ရောက်သောအခါ လက်ခံတွေ့ဆုံပြီး ဖော်ရွေစွာမေး၏။
'နန်ကျောင်မင်းတရားကြီးက အာနန်မင်းသမီးလေးရဲ့အလှဂုဏ်သတင်းကို ကြားသိရလို့ သားတော် အိမ်ရှေ့မင်းနဲ့လက်ထပ်ပြီး နှစ်နိုင်ငံရွှေလမ်းငွေလမ်းဖောက်ဖို့ သမီးတောင်းရန်စေလွှတ်လိုက်ခြင်းဖြစ်ပါတယ်။
လက်ထပ်ပွဲအတွက် တင်တောင်းပစ္စည်းများကို ပေလွှာထက်မှာ ရေးသားထားပါတယ် အရှင်မင်းကြီး။ အခုပါလာတဲ့ ကျွန်မိန်းကလေး တစ်ရာ နဲ့ ရတနာသေတ္ထာကတော့ မင်းသမီးလေးအတွက် လက်ဆောင်မွန် ဖြစ်ပါတယ်။'

သံတမန်သည် လျှောက်တင်ပြီး နန်ကျောင်ပြည့်ရှင်၏ စာချွန်တော်ကို ရိုသေစွာပေးသည်။

အာနန်ပြည့်ရှင်မင်းသည် အိနြေ္နမပျက်စေပဲ စာချွန်တော်ကို လက်ခံကာ
'နန်ကျောင်ပြည်ရဲ့ သမီးတောင်းရမ်းမှူကိုခံရလို့ အရမ်းကိုဂုဏ်ယူမိပါတယ် သံတမန်အဖွဲ့တို့။ ကိုယ်တော်တို့ တိုင်းပြည်ကလည်း ဂုဏ်ယူစွာလက်ခံလိုပါတယ်။ ဒါပေမယ့် သမီးတော်က ယခုမှ တဆယ့်လေးနှစ်ပြည့်ပြီးစ ဖြစ်ပြီး အပျိုဘ၀မရောက်သေးပါဘူး။ ဒါကြောင့် နန်ကျောင်ပြည့်ရှင်မင်းသာ သဘောတူမယ်ဆိုရင် အရင်စေ့စပ် ထားပြီးနောက် ၂ နှစ်နေမှ လက်ထပ်ပွဲ ကိုကျင်းပချင်ပါတယ်။ '

သံတမန်ခေါင်းဆောင်အမတ်ကြီးသည် အာနန်ပြည့်ရှင်၏ စကားကိုလက်ခံဟန်ဖြင့် ခေါင်းငြိမ့်ပြီး
'နန်ကျောင်မင်းကြီးရဲ့ သဘောကတော့ ဒီအတိုင်းပါပဲ။ ဒါပေမယ့် စေ့စပ်ပြီးရင် မင်းသမီးလေးကို နန်ကျောင် နေပြည်တော်မှာ ခေါ်ထားပြီး ဓလေ့ထုံးစံများကို သင်ကြားစေချင်ပါတယ်။ အိမ်ရှေ့မင်းသားနဲ့ ရင်းနှီးမှူပိုရှိစေလို တဲ့ဆန္နကို မင်းကြီး နားလည်းခွင့်လွှတ်ပေးတော်မှူပါ။'

အာနန်ပြည့်ရှင်သည် ထိုအချက်ကို ခေါင်းခါပြီး
'ဒီတစ်ချက်တော့ ကိုယ်တော်လိုက်လျောနိုင်မှာ မဟုတ်ဘူး သံတမန်ကြီး။ သမီးတော်လေးကို အရွယ်မရောက် သေးခင် ကိုယ်တော့်မျက်လုံးအောက်ကလွဲပြီး ဘယ်ကိုမှ မလွှတ်နိုင်ဘူး။ ဒီအကြောင်းကို နန်ကျောင်ပြည့်ရှင်မင်း ဆီကို အကြောင်းပြန်လိုက်ပါ။ '

သံတမန်များက မထင်မှတ်သော စကားကြောင့် ဘာပြောရမှန်းမသိဖြစ်သွား၏။ ထို့ကြောင့် နေပြည်တော်ကို မြင်းသည်ကျော်စေလွှတ်ကာ အကြောင်းကြားရန် ဆုံးဖြတ်လိုက်ပြီး ညီလာခံပြီးသည်နှင့် အိမ်ရှေ့မင်းသားထံသို့ ထွက်လာခဲ့ကြသည်။ ထိမိုယွမ်သည် သံတမန်များ၏ စကားကိုကြားသော် စစ်ချီလာရန် ခမည်းတော်ကို ပြောလိုက်သည်။

'အရှင့်သား .. ဒီလောက်ကြီး လုပ်ဖို့မလိုလောက်ဖူးလို့ထင်ပါတယ်။ အာနန်ပြည်က လက်ထပ်ခွင့်ကို ငြင်းတာ မဟုတ်ပဲ စေ့စပ်ပြီး မင်းသမီးလေး အရွယ်ရောက်သည်အထိ သူတို့တိုင်းပြည်မှာ နေခွင့်ကိုပဲတောင်းတာ ဆိုတော့ စစ်ခင်းဖို့က အရမ်းပြင်းထန်နေပါတယ်။ စစ်ဖြစ်ရင် နှစ်ပြည်ထောင်ဆုံးရှူံးမှူဖြစ်မှာ ကို ထည့်စဉ်းစားပေး ပါ အရှင့်သား။ သူတို့ပြောတာကို လက်ခံပြီး နောက်နှစ်နှစ်မှ လက်ထပ်ရင်ပိုကောင်းမှာပါ '

သံတမန်အမတ်ကြီးက ထိမိုယွမ်၏ အကြီးတော်ဖြစ်သောကြောင့် ပွင့်လင်းစွာ လျှောက်တင်လိုက်သည်။ ထိမိုယွမ်သည် ပြုံးကာ
'နောက် နှစ်နှစ်ဆိုတာ သူတို့ပရိယာယ်ဆင်တဲ့ စကားပါ အမတ်ကြီး။ အခုမှ မင်းသမီးကို အပါမခေါ်ရင် နောင် ဘယ်တော့မှ စာဂိရိကို မတွေ့နိုင်တော့ဘူး။ ပြီးတော့ ကျွန်တော့်ကို ယုံပါ။ စစ်ချီယုံပဲချီလာခိုင်းတာပါ။ စစ်ချီလာရင် မင်းသမီးကိုယ်တိုင် သူ့ခမည်းတော်တို့ကို ဆန့်ကျင်ပြီး လက်ထပ်ခွင့်ကို လက်ခံပြီး နန်ကျောင်ပြည် ကို လိုက်လာပါလိမ့်မယ်။'

အမတ်ကြီးသည် ဥာဏ်များသော မင်းသားအကြောင်းကိုသိထားသူပီပီ မင်းသားပြောသည့်အတိုင်း မင်းတရားကြီးထံ စာရေးကာစေလွှတ်လိုက်သည်။

အာနန်မင်းတရားကြီး၏ အဆောင်တွင်လည်း မင်းကြီးနှင့် အိမ်ရှေ့မင်းသား နှစ်ဦး ခေါင်းချင်းဆိုင်ကာ တိုင်ပင် နေကြသည်။
'သားတော် .... မင်း ထိမိုယွမ်မင်းသားကို ဖျောင့်ဖျလို့မရတော့ဘူးလား။ သူ သားတော်စကားကို နားထောင် တယ် မဟုတ်လား။ စေ့စပ်ပွဲလက်ခံပြီး ပြန်သွားရင် ခမည်းတော်တို့ အဆင်ပြေပြီ သားတော်။'

တင်ဂီရိသည် ခမည်းတော်ကို တောင်းပန်ဟန်ကြည့်ကာ
'ခမည်းတော်ဘုရား... သားတော်ရဲ့ ညံ့ဖျင်းမှုကြောင့် ထိမိုယွမ်က စာဂိရိရဲ့လျှို့ဝှက်ချက်ကို သိသွားပါပြီ။'
'ဘာ ... စာဂိရိ အကြောင်းသိသွားပြီလား။ ဒါတောင် သူက ဘာကြောင့် လက်ထပ်ခွင့်ဆက်တောင်းရတာလဲ'

တင်ဂီရိသည် ခေါင်းငုံ့ကာ ဖြေလိုက်သည်။
'ထိမိုယွမ်က စာဂိရိကို ချစ်တယ်လို့ပြောပါတယ်။ လက်ထပ်ပွဲကို လက်မခံရင် စစ်ခင်းမယ်လို့ပြောပါတယ်။ '
အာနန်မင်းကြီး၏ မျက်နှာသည် ဆယ်နှစ်စာ အိုစာသွား၏။ သက်ပြင်းကို ရှိုက်ကာ
'အေး ... ဘယ်တတ်နိုင်ပါ့မလဲ။ သူတို့လက်မခံမှတော့ စစ်ခင်းရုံပဲရှိတော့တာပေါ့။ တိုင်းပြည်ထဲကို အမိန့်စာ ထုတ်ပြီးအားလုံးကို စုစည်းလိုက်တော့။ စာဂိရိကို ကာကွယ်ဖို့ လိုအပ်တာအကုန်လုပ်ကြတာပေါ့။ ခမည်းတော် တို့ရဲ့ မဟာမိတ်တိုင်းပြည်ကို လည်း စာပို့ထားလိုက်ပါ။'

တင်ဂီရိသည် ခမည်းတော်၏ အမိန့်တော်ကြောင့် စိတ်ထဲပေါ့သွား၏။ စာဂိရိ ကို အားပေးရန် အဆောင်ဘက်ကို လှည့်ဝင်သွားလိုက်သည်။
စာဂိရိသည် အကိုတော်၏ စကားကိုကြားသော် ငေးငိုင်သွားတော့သည်။ တကယ်ပဲ မိမိကြောင့် စစ်ဖြစ်တော့ မည်ဆိုတော့ စာဂိရိ ငိုချင်သွား၏။
'အကိုတော် .. တော်ပါတော့ .. စာဂိရိ ကြောင့် စစ်မဖြစ်ပါစေနဲ့။ သူတို့တောင်းဆိုတာ လက်ခံလိုက်ပါတော့'

'တော်တော့။ ဒီစကားကို နောက်ထပ်မကြားချင်ဘူး။ အာနန်ပြည်သားတစ်ယောက်က ဒီလိုပျော့ညံ့တာ အကိုတော် မမြင်ချင်ဘူး။ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်စစ်ဖြစ်တယ်ဆိုတာ မဆန်းပါဘူး။ အကိုတော်က ကိုယ်ချစ်တဲ့ ညီတော်ကို မကာကွယ်ပဲ သူများနောက်ကို အသာတကြည်ထည့်လိုက်ရရင် အကိုတော် ရှက်လို့သေမှာပဲ။ စာဂိရိ ဒါညီတော်ကြောင့်လို့ စိတ်ထဲမှာ မတွေးနဲ့ .. ဟုတ်ပြီလား။'

စာဂိရိ သည် အကိုတော်ကို တိတ်တဆိတ်ငေးကြည့်ကာ ငြိမ်နေသဖြင့် တင်ဂီရိ အားမလို အားမရ ဖြစ်မိကာ စာဂိရိကို ပွေ့ဖက်ထားပြီး ချော့ရလေသည်။ မိမိ ငယ်စဉ်ကတည်းက ချီပိုးထိန်းကျောင်းလာသော ညီတော်လေး ကို တင်ဂီရိ အဆုံးထိကာကွယ်ပေးရန် ဆုံးဖြတ်ထားသည်။

'နန်ကျောင်ပြည်က အာဏာစက်ချဲ့ထွင်ချင်နေတာ ကြာပြီ စာဂီရိ။ တမျိုးမဟုတ် တမျိုး သူတို့က ကြံဖန်ပြီး ဥာဏ်ဆင်လာမှာပဲ။ တကယ် စစ်ချီဖို့ သူတို့လည်း အနိုင်အရှူံးတွက်ဦးမှာပါ။ အကိုတော်တို့ တိုင်းပြည်ငယ် လေးက အသိပညာရှင်၊ အတတ်ပညာရှင်ကလွဲရင် ဘာမှမထွက်ဘူး။ စစ်ချီတဲ့ စားရိတ်နဲ့ သူတို့ပြန်ရတာ ကိုက်မကိုက် သူတို့တွက်တတ်ပါတယ်။ ပြီးတော့ အကိုတော်တို့မှာလည်း မဟာမိတ်တွေရှိပါသေးတယ်။ စာဂိရိကို အကိုတော်ကာကွယ်နိုင်တဲ့အစွမ်းတော့ရှိပါသေးတယ်။'

စာဂိရိသည် ကလေးပမာ ငိုကြွေးကာ
'စာဂိရိကြောင့် လူတွေသေမှာ ကြောက်တယ် အကိုတော်။ စစ်ပွဲမှာ အကိုတော် တစ်ခုခုဖြစ်သွားရင် ဘယ်လို လုပ်မှာလဲ။ စစ်ရှူံးလို့ အကိုတော်နဲ့ ခမည်းတော် စစ်သုံ့ပန်း ဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ။ '

'စာဂိရိ..... အဲဒီလောက်ထိ လျှောက်မတွေးနဲ့။ အကိုတော်တို့ လွယ်လွယ်မရှူံးနိုင်ပါဘူး။ တကယ်လို့စစ်ရှူံးရင် လည်း အကိုတော်တို့ မိသားစု အတူသေကြတာပေါ့ ....အလကား .... အကိုတော်က စတာ။ မငိုနဲ့တော့နော်။'

စာဂိရိသည် အကိုတော်၏ ရင်ခွင်ထဲ တိုးဝင်ကာ မဆုံးအောင်ငိုရှိုက်နေမိသည်။

အကိုတော်ပြန်သွားသည့်တိုင်အောင် စာဂိရိ ငိုကြွေးရင်း နောက်ဆုံးမောမောနှင့် အိပ်ပျော်သွားတော့သည်။
ထိမိုယွမ်သည် တင်ဂီရိ၏ အထူးလက်ရွေးစင်တပ်သားများစောင့်ကြပ်နေသောကြောင့် စာဂိရိထံ လာလို့မရ သဖြင့် တိုခီဝါထံမှ တဆင့် စာဂိရိ အကြောင်းကို မေးနေရသည်။ စာဂိရိ ငိုကြွေးသည့် သတင်းကိုကြားသော် စိတ်မကောင်းဖြစ်မိသော်လည်း စိတ်ကို တင်းထားလိုက်သည်။ ထို့နောက် တိုခီဝါ မှတဆင့် စာဂိရိ ကို စကား ပါးလိုက်သည်။
'လက်ထပ်ပွဲကို ငြင်းပယ်လျှင် အာနန်ပြည်ကို စေ့စေ့ညက်ညက်ချေပစ်မည်။ သုံးရက်အတွင်းအကြောင်းပြန်ပါ'

စာဂိရိသည် တိုခီဝါထံမှ သူ့စကားကိုကြားသော် သက်ပြင်းရှိုက်မိသည်။ မိမိထင်သည့်အတိုင်း သူမိမိကို အလွတ် ပေးမည် မဟုတ်ပေ။ စာဂိရိ သည် အကိုတော် စကားနားထောင်ရမည်လား၊ သူ့စကားနားထောင်ရမည်လား ဝေခွဲမရဖြစ်နေသည်။ အဆောင်တွင်နေသော်လည်း မွန်းကြပ်သလိုခံစားနေရ၏။

စာဂိရိသည် အဆောင်ရှေ့ရှိ စကားဖြူပင်အောက်ရှိ ကျောက်ထိုင်ခုံပေါ်တွင်ထိုင်ရင်း အဝေးကိုငေးနေသည်။
ထိမိုယွမ်မင်းသားကို မလွန်ဆန်နိုင်သောကြောင့် သူ့ဆန္နကိုလိုက်လျောခဲ့သော်လည်း တသက်လုံး သူနှင့် လက်ထပ်ပြီး သူ့ဇနီးအဖြစ် နန်ကျောင်ပြည်ကို လိုက်နေရမည်ဆိုပါက မိမိသေသွားမလား မသိပေ။

စာဂိရိ သူ့အကြောင်းကိုလည်းမသိပေ။ သူ့ကိုကြောက်သည်။ သူ့ရင်ခွင်ထဲရောက်နေသည့်အကြောင်း ပြန်တွေး လိုက်ပါက စာဂိရိ ရှက်ခြင်း၊ကြောက်ခြင်းသာ လွှမ်းမိုးနေသည်။ သူ၏ အတတ်ဆန်းများကိုလည်း စာဂိရိ ကြောက်သည်။ သူ့ရမ္မက်ကိုလည်းကြောက်သည်။ သူမိမိခန္ဓာကိုယ်ကို ကိုင်တွယ်နမ်းရှုပ်တိုင်း သဘာဝ မကျစွာ သွေးတိုးနှူန်းမြန်လာသည်ကိုလည်း မကြိုက်ချေ။ မိမိက ယောင်္ကျားလေးဖြစ်သည်ကို သိလျက်နှင့် မိမိကို သူရအောင်ယူခဲ့သည်ကိုလည်း မုန်းသည်။ မိမိကို သူပိုင် အရုပ်လို လုပ်ချင်တိုင်းလုပ်ခဲ့သည့် သူ့လုပ်ရပ်ကို မုန်းသည်။ နောက်ဆုံး မိမိ အလှကြောင့် မိမိတိုင်းပြည် စစ်ဘေးသင့်ရတော့မည်။ ယောင်္ကျားလေးတန်မယ့် လှလွန်းသော ရုပ်ရည်ကို မုန်းသည်။

သူ့ကိုလက်ထပ်ပြီး တသက်လုံး သူ့မယားအဖြစ်နေသွားရမည့်အရေးတွေးကာ စာဂိရိ တိတ်တဆိတ် မျက်ရည် ကျနေမိသည်။
'သခင်လေးရယ်.... ဒါ တိုခီဝါရဲ့ အပြစ်တွေပါ။ တိုခီဝါရဲ့သားကို သွားမတွေ့ရင် သူ သခင်လေးကို ဒုက္ခပေးနိုင် မှာမဟုတ်ဘူး။ အခုတော့ ကျွန်မကြောင့်.....'

တိုခီဝါသည် စာဂိရိ၏ မျက်ရည်များကိုတွေ့သော် မချိတင်ကဲဖြင့် ငိုရင်းပြောသည်။
'မဟုတ်ပါဘူး။ သူက တိုခီဝါကို အကျပ်ကိုင်လို့မရရင်လည်း တနည်းမဟုတ် တနည်းကြံဦးမှာပါ။ တကယ်တော့ စာဂိရိ ရဲ့ရုပ်ရည်ကြောင့်ပါ။ စာဂိရိက သူလိုငါလိုရုပ်ရည်ပဲရှိရင် သူကလည်းကြိုက်မှာ မဟုတ်ဘူး။ အခုတော့..'

'အိမ်ရှေ့စံ ကိုယ်တော်လေးရဲ့ စကားကိုနားထောင်ပါ သခင်လေးရယ်။ ထိမိုယွမ်မင်းသား ခြိမ်းခြောက်တာ စိတ်ထဲ သိပ်ထည့်မထားပါနဲ့။ နတ်ရွာစံသွားတဲ့ မယ်တော်ကလည်း သခင်လေးကို စောင့်ရှောက်မှာပါ။'

စာဂိရိ သည် တိုခီဝါ အားပေးသော်လည်း စိတ်ပူပန်မှူလျော့မသွားပေ။ စာဂိရိ အခြေအနေကို စောင့်ကြည့်နေ၏။ သုံးရက်မြောက်နေ့တွင် နန်ကျောင်ပြည်မှ စေတမန်ရောက်လာ၏။ စာချွန်တော်တွင် နန်ကျောင်ပြည်မှ စစ်ကြေငြာလိုက်လေပြီ။

အာနန်ပြည်တစ်ပြည်လုံး စစ်ပွဲအတွက် ရဲမတ်များ ဆင့်ခေါ်စာထုတ်ရသည်။ တစ်အိမ်တစ်ယောက် စစ်မှူထမ်းရန် နန်းတော်ကို လာရောက်ရသည်။ အာနန်ပြည်နှင့် မဟာမိတ်နိုင်ငံများကို ခြေမြန်တော်စေလွှတ်ကာ စစ်ကူ တောင်း ရသည်။

နန်ကျောင်မင်းသားနှင့် သံတမန် အဖွဲ့ လည်း အာနန်ပြည်မှ ထွက်ခွာသွားလေပြီ။ တစ်လခန့်ကြာသော် နန်ကျောင်ပြည်မှ စစ်တပ်ကြီး ကို ထိမိုယွမ် ကိုယ်တိုင် ဦးဆောင်ကာ ချီတက် လာလေပြီ။ ငွေတောင်ပြည်မှ ဆရာများက နန်ကျောင်ပြည်နှင့် အာနန်ပြည်ကြား စစ်မဖြစ်ရန် ၀င်ရောက်စေ့စပ်ပေးရန် အာနန်ပြည်သို့ ရောက်လာကြ၏။

ငွေတောင်ပြည်မှ ပါမောက္ခဆရာများများသည် ထိမိုယွမ်မင်းသား နှင့် တင်ဂီရိ မင်းသားတို့ကို မျက်နှာစုံညီခေါ် တွေ့ကာဆွေးနွေးညှိနှိုင်းပေးကြသည်။ ထိမိုယွမ်ကတော့ စာဂိရိမင်းသမီးကိုသာ လက်ထပ်ခွင့်ရမည်ဆိုလျှင်
နန်ကျောင်ပြည်လက်အောက်ခံ မြို့ ၅ မြို့ကို လက်ဖွဲ့မည်။ စာဂိရိကို မိဖုရားခေါင်တင်မြှောက်မည်။ အာနန်ပြည် အတွက် နန်ကျောင်ပြည်သည် မဟာမိတ်နိုင်ငံအဖြစ် အခိုင်အမာ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောသွား သည်။

တင်ဂီရိသည် ဆရာ များစေ့စပ်ညှိနှိုင်းပေးသော်လည်း မိမိတို့ဘက်မှ လုံးဝလျှော့မပေးနိုင်ပေ။ အဘယ့်ကြောင့် ဆိုသော် မိမိ ညီလေး ကို မိန်းကလေးဘ၀ဖြင့် မကုန်ဆုံးစေလိုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် စာဂိရိကို နောက် ၂ နှစ်ကြာမှ လက်ထပ်ပေးနိုင်မည်ဖြစ်ကြောင်းသာ တင်းမာစွာပြောလိုက်ရသည်။

ငွေတောင်ပြည်မှ ဆရာများက ယခုစေ့စပ်ထားပြီး စာဂိရိ မင်းသမီးကို နန်ကျောင်ပြည်၏ နန်းဓလေ့ထုံးစံ များကို လေ့လာဆည်းပူးစေရင်း နန်ကျောင်နန်းတော်တွင်ထားရန် တဆင့်ညှိနှိုင်းပေး၏။ထိမိုယွမ်က လက်ခံသော်လည်း
စာဂိရိကို နန်ကျောင်နန်းတော်ထဲ နေခိုင်းဖို့ တင်ဂီရိက လုံးဝလက်မခံပေ။ ဆရာများက ဘယ်လိုပင်နားချ သော်လည်း တင်ဂီရိကို လက်ခံအောင်မပြောနိုင်သဖြင့် အခက်တွေ့နေကြသည်။

ထိမိုယွမ်က ဘာကြောင့် တင်ဂီရိ ငြင်းဆန်နေသည်ကို သိသဖြင့် နောက်ဆုံး စစ်တိုက်ကာ တိုင်းပြည်တစ်ခုလုံး ကိုကျွန်ပြုပြီး စာဂိရိ မင်းသမီးကို အရယူမည်ဟု ကြေငြာပြီး နန်းတော်မှ ထွက်ခွာသွားတော့သည်။ထိုသတင်းကို ကြားသော် စာဂိရိသည် နောက်ဆုံး စစ်ဖြစ်ကာ လူအများ သေကြေပျက်စီးသည်ထက် မိမိဘ၀ကို နန်ကျောင် ပြည်တွင် စတေးပစ်ရန်ဆုံးဖြတ်ချက်ချလိုက်ပြီး တိုခီဝါမှ တဆင့် ထိမိုယွမ်ကို စကားပါးလိုက်သည်။ သူ့တောင်းဆိုချက် ကိုမိမိလိုက်လျောတော့မည်။ စစ်ကိုရုပ်သိမ်းပေးရန် တောင်းဆိုလိုက်သည်။

ထိမိုယွမ်က စာဂိရိ၏ စကားအတိုင်း စစ်တပ်ကိုနောက်သို့ဆုတ်ကာ ရပ်တန့်သွား၏။
စာဂိရိသည် အကိုတော်၏ အဆောင်သို့ ကိုယ်တိုင်လာပြီး မိမိဆုံးဖြတ်ချက်ကို ပြောလိုက်သည်။ တင်ဂီရိသည် ညီလေး၏ အနစ်နာခံလိုက်သည့် အချက်ကြောင့် မျက်ရည်ကျအောင် နာကျင်ခံစားရသည်။ မိမိညီကိုပင် မကာကွယ်နိုင်သော ဘ၀ကို တင်ဂီရိ အမုန်းကြီးမုန်းမိသည်။

ငွေတောင်ပြည်မှ ဆရာများကတော့ ယခုမှ စိတ်အေးသွားကြပြီး အာနန်ပြည်နှင့် နန်ကျောင်ပြည်မှ ဘုရင်များကို အကြောင်းကြားလိုက်သည်။

အာနန်ပြည့်ရှင်မင်းသည် စာဂိရိ၏ အဆောင်သို့အပြေးလာခဲ့ပြီး သားငယ်လေးကို သေချာစေရန်မေး၏။

'စာဂိရိ မင်း.... ထိမိုယွမ်ကို လက်ထပ်မယ်လို့ ဘာကြောင့်ပြောလိုက်တာလဲ...မင်းက ယောက်ျားလေးလေ '
'ခမည်းတော်ဘုရား ... စာဂိရိကြောင့် လူတွေသေကြေပျက်စီးရမည့် လမ်းကိုမရွေးပါရစေနဲ့။ ခမည်းတော် နဲ့ အကိုတော်၇ဲ့ မေတ္တာကို စာဂိရိ သိပါတယ်။ စာဂိရိ ထိမိုယွမ်ကို လက်ထပ်ပြီး လိုက်သွားပါရစေ။ ခမည်းတော် ခွင့်ပြုပေးတော်မူပါ။ '

'မဖြစ်နိုင်ဘူး စာဂိရိ ။ခမည်းတော် မင်းဒုက္ခရောက်အောင် မလုပ်နိုင်ဘူး။ '

'ခမည်းတော်ဘုရား ... နားနဲ့ မနာ ဖ၀ါးနဲ့ နာတော်မူပါ။ စာဂိရိ သူနဲ့ ငြိစွန်းပြီးပါပြီ။ စာဂိရိရဲ့ ဘ၀ က မသန့်စင်တော့ပါဘူး။ သူ့ကို ပဲ လက်ထပ်ပါရစေတော့'

စာဂိရိ၏ မထင်မှတ်သောစကားကြောင့် ဘုရင်ကြီးနှင့် အိမ်ရှေ့မင်းသားတို့က စကားမဆိုနိုင်အောင်ဖြစ်သွား၏။
တင်ဂီရိသည် ထိမိုယွမ်ကို သတ်ပစ်ချင်စိတ်ပင်ပေါက်လာ၏။

စာဂိရိသည် ခေါင်းငိုက်စိုက်ကြသွားပြီး အိုစာကျသွားသော ခမည်းတော်ဘုရားကို ဖက်ငိုလိုက်ပြီး

'ခမည်းတော် ... စိတ်မပူပါနဲ့။ ထိမိုယွမ် မင်းသားက စာဂိရိကို လွတ်လပ်စွာနေခွင့်ပေးမယ်လို့ ပြောပါတယ်။ စာဂိရိ ခမည်းတော်နဲ့ အကိုတော် ကို သတိရင် အာနန်ပြည်ကို အလည်ပြန်လာပါ့မယ်။ ဒါကြောင့် စာဂိရိ နဲ့ ထိမိုယွမ်မင်းသား လက်ထပ်မှာကို လက်ခံပေးတော်မူပါ။'

တင်ဂီရိသည် စာဂိရိ၏ စကားကို ပြန်ပြင်ပေးလိုက်သည်။

'လက်ထပ်မှာ မဟုတ်သေးဘူး စာဂိရိ။ အခုက စေ့စပ်ပြီး နန်ကျောင်နန်းတွင်းမှာ လိုက်နေရမှာ။ နောက် ၂ နှစ်ကြာမှ လက်ထပ်ပွဲကို ပြုလုပ်လိမ့်မယ်။ ဒီ ၂ နှစ်အတွင်း ထိမိုယွမ် စွဲလန်းမယ့် နောက်မင်းသမီး တစ်ယောက် ပေါ်လာပါစေလို့ပဲ ဆုတောင်းရမှာပဲ။ အကိုတော်လည်း စာဂိရိ ဆီမကြာမကြာလာပါ့မယ်။ သူ စာဂိရိကို အနိုင်ကျင့်ရင်၊ စိတ်ဆင်းရဲအောင်လုပ်ရင် အကိုတော် သူ့ကိုသတ်မယ်။'

စာဂိရိသည် အကိုတော်၏ စကားကြောင့် မျက်ရည်ကြားမှ ပြုံးမိသည်။ အကိုတော် တကယ်ပြောနေသည်ကို လည်းသိသည်။ ထို့ကြောင့် စိတ်ဆင်းရဲမှူမှ အနည်းငယ်သက်သာသွားသည်။

နောက်ဆုံး အာနန်ပြည်ဘက်မှ လျှော့ပေးလိုက်သောကြောင့် စစ်ဖြစ်မည့်ဘေးမှ ကပ်ကာလွတ်မြောက်သွား သည်။ အာနန်ပြည်သူများက နန်းရင်ပြင်တွင်စုဝေးကာ မင်းကြီးကို ကျေးဇူးတင်ကြောင်းလာပြောကြသည်။
တင်ဂီရိမင်းသား က ပြည်သူများကို လက်ခံတွေ့ဆုံသော်လည်း မျက်နှာ သိပ်မကောင်းလှပေ။

ထိမိုယွမ်မင်းသားလည်း ယခုမှ စာဂိရိမင်းသမီး၏ အဆောင်သို့ တရားဝင်လာရောက်လည်ပတ်ခွင့်ရတော့ သည်။ စာဂိရိသည် သူ့ကို လက်ခံတွေ့ဆုံသော်လည်း မျက်နှာညှိုးနေသဖြင့် ထိမိုယွမ်မင်းသားက လက်ကလေးကို ကြင်နာစွာ လှမ်းကိုင်ကာ
'ညီမတော် ... ဘာတွေများတွေးပြီး စိတ်မချမ်းမသာဖြစ်နေတာလဲကွယ် ...စာဂိရိ ကိုယ့် နန်းတော်ကို လိုက်ရမှာ ကြောင့် စိတ်ဆင်းရဲနေတာလား။ ကိုယ် တစ်ယောက်လုံးရှိပါတယ်။ စာဂိရိကို ဘယ်သူမှ အနိုင်မကျင့်စေရဘူး။ စာဂိရိကို ကိုယ်စိတ်ချမ်းသာအောင်ထားပါ့မယ်။ '

' စာဂိရိ ဒီမှာပဲ နေချင်တာ ခွင့်ပြုပေးပါလား။ဒါဆို စာဂိရိ အကိုတော်ကို တကယ်ကျေးဇူးတင်မိမှာပါ။'

ထိမိုယွမ်သည် တောင်းပန်ဟန်ဖြင့်ပြုံးကာ တိုးတိတ်နူးညံ့စွာဖြင့်

'ဒီတစ်ခုကတော့ ကိုယ်ခွင့်မပြုနိုင်ဘူး စာဂိရိလေး။ ဒီအချက်ကလွဲရင် ကျန်တာအားလုံး စာဂိရိ စိတ်တိုင်းကျ ဖြစ်စေရမယ်။ အခြွေရံတွေ စာဂိရိ ကြိုက်သလောက်ခေါ်လို့ရတယ်။ ကိုယ်ခွင့်ပြုတယ်။ ပြီးတော့ နန်ကျောင် နန်းတွင်းကိုရောက်ရင် စာဂိရိက ကိုယ်နဲ့ထပ်တူ အခွင့်ရေးအားလုံးရစေရမယ်။ ကိုယ့် ခမည်းတော်ကလွဲရင် စာဂိရိ ဘယ်သူ့ကိုမှ ဦးညွတ်စရာမလိုစေရဘူး။'

စာဂိရိ သူ့စကားကိုကြားသော် စိတ်လျှော့လိုက်တော့သည်။ သူဘယ်လိုချော့သော်လည်း မိမိဆန္နကို သူမလိုက် လျောပေးနိုင်သည်ကို သိလိုက်သည်။ နောက်ဆုံး စာဂိရိသည် မိမိမွေးဖွားကြီးပြင်းခဲ့ရာ အာနန်ပြည်ကို စွန့်ခွာ ကာ ထိမိုယွမ်၏ တိုင်းပြည်သို့လိုက်ပါခဲ့ရတော့သည်။

အာနန်ပြည်မှ ထွက်ခွာခဲ့ကတည်းက စာဂိရိ၏ ဘ၀သည် နန်ကျောင်အိမ်ရှေ့မင်းသား၏ မိဖုရားလောင်း အဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။ နန်ကျောင် နန်းတော်တွင် မိမိ မည်သို့နေထိုင်ရမည်ကို မသိတော့ပေ။ နန်းတွင်းသူများ၏ အလည်တွင် မိမိ၏ လျှို့ဝှက်ချက်ပေါ်သွားပါက သေဒဏ်ပေးခံရမည်ဖြစ်သည်။ မိမိတွင် သူကလွဲပြီး အားကိုးစရာမရှိတော့ပေ။

ထိမိုယွမ်သည် စာဂိရိကို ရအောင်ခေါ်လာနိုင်သဖြင့် ပျော်မဆုံးအောင်မြူးကြွနေသည်။ တင်ဂီရိမင်းသား ကိုယ်တိုင် စာဂိရိကို နေပြည်တော်သို့လိုက်ပို့ပေး၏။ စာဂိရိနှင့် စေ့စပ်ပြီးကတည်းက ထိမိုယွမ်ကို ခါတိုင်းကဲ့သို့ ရင်းနှီးစွာ ပြောဆိုဆက်ဆံခြင်း မပြုတော့ပေ။ စာဂိရိအပေါ် ကျူးလွန်ခဲ့သည့် ထိမိုယွမ်၏ မျက်နှာကို ထိုးပြစ်ချင် စိတ်ကို မနည်းချူပ်တည်းထားရသဖြင့် မျက်နှာထားတင်းနေ၏။ ထိမိုယွမ်ကတော့ စာဂီရိကို ချစ်ရသူဖြစ်သော ကြောင့် တင်ဂီရိကို မျက်နှာချိုသွေးကာ ခေါ်ပြောနူတ်ဆက်သည်။

~ ဆက်ရန်

ပန်းပွင့်သတို့သမီးWhere stories live. Discover now