ဒီခြေလှမ်းသံ ...
စိတ်ပျက်ဖို့ကောင်းလောက်အောင် နှင်းတွေ တဖွဲဖွဲ မရပ်မနား ကျဆင်းနေတတ်တာကလွဲရင်
ဒီဇင်ဘာ ရဲ့ နေ့ရက်တစ်ချို့တစ်လေဟာ
သိပ်ကို နူးညံ့ပါတယ်..ဥပမာ ...
နှင်းပြင်ပေါ်.. မောပန်းစွာ လှဲချလိုက်ရင်း .. မျက်လုံးအကြာကြီး မှိတ်ထားပြီးမှ... ထူးခြားမွှေးပျံ့တဲ့..
ဆာကူရာ နံ့သင်းသင်းလေးကြောင့်
မျက်လုံးပြန်ဖွင့်မိတဲ့အခါ..ကိုယ့်မျက်နှာပေါ်အုပ်မိုးကာ ပြုံးပြနေတဲ့ .. ထူးထူးဆန်းဆန်း ကောင်ငယ်လေးတစ်ယောက်ကို ကိုယ်တွေ့လိုက်ရတဲ့ ပထမဆုံးနေ့တွေလိုမျိုးပေါ့ .. လတ်ဆတ်ပြီး ချိုမြိန်တယ်..။
" မအေးဘူးလား .. "
သူ မျက်နှာပြင်က တလက်လက်တောက်နေတဲ့ မျက်ဝန်းအိမ်လေးကြောင့် .. သတိလက်လွတ်.. ငေးမောနေမိရင်းနဲ့မှ.. ကျွန်တော်သတိထားမိတာ.. သူက ကောင်ငယ်လေး တစ်ယောက်မဟုတ်ဘူးဆိုတာရယ်.. ပုံစံတကျ ချစ်စရာကောင်းတတ်မှုလေးတွေရှိတဲ့ သာမာန် ယောက်ျားသား တစ်ယောက်ပဲ ဆိုတာရယ်.. ။
" သတိထား.. "
ကျွန်တော် မျက်နှာမူပြီး.. ကြည့်နေမိတဲ့ သူ့မျက်ဝန်းတွေဆီကနေ.. ရုန်းထွက်ဖို့ ကြိုးစားနေဆဲ.. အချိန်ခဏအတွင်းမှာပဲ.. မျက်ဝန်းထောင့်ကနေ မြင်လိုက်ရတာက.. အနည်းငယ် ကြီးမားတဲ့ သစ်ကိုင်းခြောက်က.. သူ့ဦးခေါင်းထက်တည့်တည့် ပြုတ်ကျတော့ သယောင်မို့.. လှမ်းတော့ ဆွဲချမိလိုက်ပါတယ်..
ကာကွယ်ဖို့..
တကယ့်တကယ်တော့.. နှင်းခဲတွေအကြား.. နှစ်ယောက်သား လုံးထွေးပြီး.. အနိမ့်အမြင့် သဘောတရားကို သင်ယူလိုက်ရသလို.. တောင်ကုန်းပေါ်ကနေ.. မြေပြန့်ဆီကို လိမ့်ဆင်းသွားလေခြင်း.. ။
" အွတ်.. "
" အိုး.. ဆောရီး.. "
ထင်းရှူးပင်ကြီးတွေ.. ကျေးဇူးနဲ့ .. လိမ့်ကျတဲ့အရှိန်က ရပ်သွားပေမဲ့.. ကျောနဲ့.. ထင်းရှူးပင်စည်နဲ့ ရိုက်မိသွားတဲ့ဒဏ်ကတော့ မသက်သာ..၊ ဒီကြားထဲ.. ဒီလူသားကလည်း.. သူ့အရှိန်နဲ့ သူ.. ကျွန်တော့် ရင်ဘတ်ကို ၀င်ဆောင့်လေတော့.. အိုး.. တကယ့်ကို မအီမသာကြီး..။