ငတိမ နှင့်​ ဘတ်​ဂျက်

468 45 5
                                    

ခေတ်ကြီးကား ဘတ်ဂျက်ခေတ်ကြီး ဖြစ်လေပြီ ။ နေရာတကာ ဘတ်ဂျက်အကြောင်းပြောကြ၏။ နိုင်ငံတော်ကလည်း ဟိုဌာနတွေ အ၀ှာပြုရအောင် ဒီဌာနတွေ ဒီဟာပြုရအောင် လိုတိုးပိုလျှော့ ဘတ်ဂျက်ကို ဆော့ကစားလေသော်ငြား ငတိမတစ်ကောင်ကား မပြောင်းလဲသော ဘတ်ဂျက် ( အိမ်ကလက်ဖြန့်တောင်းသည့် မုန့်ဖိုး) နှင့် အသက်ဆက်ရလေသည်။ စက်မှူဇုံက အလုပ်သမားများလို ဆန္ဒပြလျှင်လည်း နဂိုဘတ်ဂျက်လေးပင် ပွန်းမည့်ဟန် ရှိသောကြောင့် မူမပြောင်းတဲ့ လူဟောင်းဘ၀နှင့်ပင် အတက်အကျမရှိတဲ့ ဘတ်ဂျက်နှင့် အသက်ဆက်ရလေသည်။
 
ဘတ်ဂျက်ကားမတက်သော်ငြား ကုန်ဈေးနှုန်းကတက်လေ၏။ ဓါတ်ဆီဈေးတွေကြီးသောကြောင့် ကျနော်တို့က ဓါတ်ဆီကားဗျဟု ရေထည့်မမောင်းတတ်သေးသော တက်စီဆ၇ာတို့ကား ဈေးတိုးတောင်းလေသော် ငတိမခမျာ စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရလေ၏။ အကျပ်အတည်းမှ စီးပွားပျက်ကပ်သို့မဆိုက်မီ အသုံးငွေစာရင်းကို လျှော့ချရန် တက်စီမှ ဘတ်စ်ကားသို့ပြောင်းစီးရေး မူအား အလျှင်အမြန်ချမှတ်လေ၏။
 
ငတိမ သွားနေကြ စာကြည့်တိုက်ကား တက်စီနှင့် သွားလျှင်၁၅၀၀ ကုန်သောခရီးဖြစ်သောကြောင့် ဘတ်စ်စီးကာ ပြန်ရန်ဆုံးဖြတ်ချက်ချလေသည်။ ထိုခရီးကား နီးသော်လည်း ဘတ်စ်၂ဆင့်စီးရသောေ့ကြာင့် ပထမတဆင့်ကို ၅၀ပေး စီးလေသည်။ပထမတဆင့် ဆင်းသည့်မှတ်တိုင်ကား အင်္ဂလိပ်မုန့်လက်ကောက်ဆိုင်ရှေ့တည့်တည့်ဖြစ်သောကြောင့် စဉ်းစားစရာတချက်ဝင်လာ၏။
 
ဘတ်စ်စီးရသည်မှာ လွယ်သောအလုပ်မဟုတ်ပေ။ ကားပေါ်ရောက်အောင် မမှီမကန်းနှင့် လှမ်းတက်ရ၏။ ကားပေါ်ရောက်ပြန်လျှင်လည်း ဟိုလူ့တိုး ဒီလူ့တိုး ဟိုနားဂျောင်ကပ် ဒီနားဂျောင်ကပ် နှင့် စပယ်ယာ အမြင်မကပ်အောင်နေရလေ၏။ ကားထွက်ပြန်လျှင်လည်း ဘယ်ယိမ်းညာယိမ်းနှင့် ဟန်ချက်ပျက်လျှင် လူတကာခြေထောက်တက်နင်းရ တောင်းပန်ရသေးပြန်ရာ ကားပေါ်မှ ဆင်းပြီဆိုလျှင် ပင်ပန်းနေပြီဖြစ်သောကြောင့် မိမိကိုယ်ကို သနားသောအားဖြင့် အအေးတခွက်နှင့် မုန့်လက်ကောက်တခုလောက်တော့ ဆုချသင့်သည်ဟု အဆိုတင်သွင်းပြီးသော် ကိုယ့်ဘာသာ ထောက်ခံမဲပေးပြီး မုန့်ဝယ်စားလေရာ ၇၀၀ ပြုတ်သွားလေ၏။
 
ပြောင်းစိးရမည့်ကားမှတ်တိုင်ကို လျှောက်လာရင်း မျက်စိထဲမြင်မိသည်မှာ ရှမ်းခေါက်ဆွဲဆိုင်။ ရှမ်းခေါက်ဆွဲကား ထွက်တော်မူမန်းကခွာ လာကတည်းက မစားရတာကြာပီမို့ အိမ်ရောက်လျှင် စားစရာမရှိဟု ဆင်ခြင်ပြီးသော် တပွဲဝင်တွယ်လေရာ ၅၀၀ ပြုတ်သွားပြန်၏။
 
နောက်တဆင့်ဘတ်စ်စီးသော် မှတ်တိုင်ကား အိမ်နှင့် မန်းလေးအခေါ် ၃ပြခန့်ဝေးလေသည်။ မှတ်တိုင်မှ အိမ်ကို လျှောက်လာ၇င်း စားထားသမျှ အစာကြေလုလုတွင် ဗယာကြော်သည်နှင့် တည့်တည့်တိုးလေ၏၊ ဗယာကြော်လေးများသည်ကား ပူပူနွေးနွေး စားချင်စဖွယ်လေးများဖြစ်သောကြောင့် အားမပေးလျှင် ဖက်ခရူးမှ ညီအမတော်များအား သစ္စာဖောက်ရာကျမည်စိုးသောကြောင့် ၂၀၀ ဖိုးဝယ်ကျိတ်လေ၏။
 
အိမ်ပြန်ရောက်လို့ စာရင်းစစ်သော် တက်စီစီးကာ အေးအေးပြန်က  ၁၅၀၀ ကုန်မည့် ခရီးကို ခြိုးခြံချွေတာပြည်ချမ်းသာ ဆောင်ပုဒ်သုံးကာမှ လမ်းကလဲလျှောက်ရသေး ကားကလဲတိုးစီးရသေး ၁၅၅၀လဲ ကုန်သွားသေးသော် စီမံခန့်ခွဲမှုကျွမ်းကျင်လှသော ငတိမကား ဘတ်ဂျက် ပရောဂျက် ၂ခုတွင် ဘယ်ဟာကို အတည်ပြုရမည်မှန်းခေါင်းကုတ်ကာ ဆုံးဖြတ်ရခက်နေလေသည်။

ငတိမ နှင့်​ စာစုများWhere stories live. Discover now