၁၉ ရာစု ဗစ်တိုရီးယားခေတ်၏ ရက်စက်ပြင်းထန်သော ဆောင်းရာသီသည် တောစပ်ရှိ ရွာငယ်လေးကို အငတ်ဘေးနှင့်အတူ ရိုက်ခတ်နေသည်။
အစိုးရ၏ အခွန်အခဒဏ်နှင့် ကောက်ပဲသီးနှံများ ပျက်စီးခြင်းကြောင့် ဆင်းရဲသားများမှာ အစာရေစာပြတ်လပ်ကာ အသက်ရှင်ရန် ခက်ခဲနေကြသည်။
ထိုသို့သော အခြေအနေတွင် ဘုရားကျောင်းငယ်လေးမှ အလုပ်သင်ငယ်လေးဖြစ်သော Martin နှင့် လူပျိုပေါက်စ Keonho တို့သည် ဆင်းရဲသားများအတွက် ပေါင်မုန့်ကြမ်းများနှင့် ဟင်းချိုပူပူများကို သယ်ဆောင်ကာ လိုက်လံဝေငှပေးနေကြသည်။ ကျောင်းထိုင်သင်းအုပ်ဆရာ James ကမူ မျက်မှောင်ကြုတ်ကာ တားမြစ်သည်။
"Martin၊ Keonho! ဒီဘက် တောစပ်တွေဆီ လျှောက်မသွားကြနဲ့လို့ ငါပြောသားပဲ။ အငတ်ဘေးဆိုက်နေလို့ တောထဲမှာ ခိုအောင်းနေတဲ့ သစ်တောလူဆိုးတွေနဲ့ အန္တရာယ်များတဲ့ သတ္တဝါတွေ သွားလာနေကြတယ်"
ဟု James က စိုးရိမ်တကြီး သတိပေးသည်။
Keonho က တက်ကြွစွာဖြင့် ခေါင်းယမ်းလိုက်ကာ —
"စိုးရိမ်မနေပါနဲ့ James ရဲ့။ ရွာထဲက ကလေးတွေ အခု ငတ်လို့ သေလုမျောပါးဖြစ်နေကြပြီ။ ကျွန်တော်တို့ လူငယ်တွေဘဲ၊ အမြန်သွားပြီး အမြန်ပြန်လာခဲ့ပါမယ်"
ဟု ပြန်ပြောသည်။
Martin ကလည်း ပေါင်မုန့်ခြင်းကို ရင်ခွင်ထဲ တင်းတင်းပိုက်ရင်း —
"ဟုတ်ပါတယ် James၊ လူတွေကို ဒီအတိုင်း မထားခဲ့ရက်ပါဘူး"
ဟု ခေါင်းညိတ်ပြကာ Keonho နှင့်အတူ ဆက်ထွက်လာခဲ့သည်။
သို့သော် လမ်းခုလတ်တွင် Martin သည် အစားအစာအချို့ကို သီးသန့်ခွဲဝေပေးရင်း လမ်းမှားကာ မြူထူတွေဆိုင်းနေသည့် တောနက်ထဲသို့ တစ်ယောက်တည်း ရောက်သွားသည်။
တောနက်ထဲရှိ ကြီးမားသော သစ်ပင်ကြီးတစ်ပင်အောက်တွင်မူ ရက်ပေါင်းများစွာ အစာရေစာပြတ်လပ်ကာ အလွန်အမင်း ဆာလောင်မေ့မြောနေသော လူတစ်ယောက် ကို တွေ့လိုက်ရသည်။
Martin မှာ ဖြူစင်သူပီပီ လူတစ်ယောက် အေးခဲသေဆုံးတော့မည်ဟု ထင်မှတ်ကာ ကြောက်စိတ်ကို ဘေးဖယ်ပြီး အနားသို့ တိုးသွားသည်။
YOU ARE READING
The Crimson Vesper
Fanfiction"ကိုးကွယ်ရာ သစ္စာတရားနှင့် ဘုရားကျောင်းတော်၏ ငြိမ်သက်ခြင်းတို့ ကွယ်ပျောက်သွားချိန်၌၊ လတ်ဆတ်သော သွေးနံ့နှင့်အတူ ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်၏ ဆာလောင်မှုက အမှောင်ယံကို လွှမ်းမိုးလာလေပြီ။.." Writing in Burmese
