"ကိုယ်က ရှင်းကို မြတ်နိုးတယ်။"
ခမ်းနားတောက်ပြောင်သည့် အဝတ်အစားများအား ဝတ်ဆင်ကာ ချယ်ရီပန်းခတ်များအား ပွေ့ပိုက်၍ လစဉ် လပြည့်ညတိုင်း အန်ရှင်းထံသို့ လာရောက်၍ ချစ်စကားဆိုတတ်သူသည် သူကိုယ်သူ အီဂျုံယွန်းဟု မိတ်ဆက်ခြင်းပြုထားသည်။
ဝတ်ဆင်ထားသည့် အဆင်တန်ဆာများနှင့် ခါးတွင် ချိတ်ဆွဲထားသည့် ကျောက်စိမ်းအဆောင်ကြိုး၊ လက်များတွင် ဝတ်ဆင်ထားသည့် ပတ္တမြားလက်စွပ်များက အန်ရှင်းအရှေ့တွင် ရှိနေသော ဤပုဂ္ဂိုလ်သည် သာမန်သခင်လေးမဖြစ်နိုင်ရာဟု သက်သေပြနေသည်။
ဤကဲ့သို့ ရုပ်ရည်မှာလည်း ချောမောခန့်ညား၍ ပြီးပြည့်စုံလှသော သခင်လေးသည် အဘယ့်ကြောင့် အန်ရှင်းလို သာမန်ကောင်လေးတစ်ဦး၏ ရှေ့မှောက်သို့ လစဉ်လတိုင်း ချယ်ရီပန်းခက်များဖြင့် ပေါ်ပေါ်လာ၍ ချစ်စကားဆိုနေရပါသနည်း။
အန်ရှင်းသည် သာမန်ကောင်လေးဟုပင် မိမိကိုယ်ကို မဆိုချင်။ အခြားသော သာမန်လူများ၊ မိသားစုနွေးထွေးမှုအောက်တွင် ကြီးပြင်းလာရသည့် ကလေးငယ်များ၏ ဘဝသည်ပင် သူ့အတွက်မူ လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သည်။ ထို့အတွက်ကြောင့် သူသည် ကိုယ့်ကိုယ်ကို သာမန်ထက်နိမ့်ပါးသူအဖြစ် သတ်မှတ်ထားသည်။
ငယ်စဉ်ကတည်းက ရင်ကြပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သော ဖခင်ဖြစ်သူနှင့် မိမိအား ရက်စက်စွာ စွန့်ပစ်ခဲ့သော မိခင်ဖြစ်သူတို့ကြောင့် အန်ရှင်းသည် မိမိ၏ အမည်နာမကိုပင် ရပ်ရွာမှတစ်ဆင့် ပြန်လည်သိရမှသာ ကျိုးမျိုးရိုးမှ ဆင်းသက်လာကြောင်း သိရှိခဲ့ရသည်။
အလွန်ငယ်ရွယ်သော ကလေးငယ်အား ထားပစ်ရက်ခဲ့သော မိခင်ဖြစ်သူကြောင့် ရပ်ရွာက မတတ်သာဘဲ စောင့်ရှောက်၍သာ ကြီးပြင်းခဲ့ရသူ အန်ရှင်းသည် ဧကန်ပင် သာမန်ကလေးမဟုတ်။ သာမန်ထက် နိမ့်ကျသော ကလေးငယ်သာ။ ထို့အတွက် လောကတွင်လည်း ကြာကြာမနေချင်။ ပျော်သလောက်လေးနေ၍ မပျော်ရွှင်တော့လျှင် ထွက်သွားမည့်အတွေးအမြဲရှိခဲ့သည်။
အန်ရှင်းသည် မိမိ၏ အရှေ့တွင် မိမိအား အုပ်မိုးထားသည့် ချောမောခန့်ညားသည့် သခင်လေးအားငေးကြည့်နေသည်။ အဆိုပါ သခင်လေး၏ မျက်ဝန်းများသည် နူးညံ့ပျော့ပြောင်းနေပြီး အန်ရှင်း တသက်လုံးစာမရရှိဖူးခဲ့သော မေတ္တာတရားဆိုသည့် အရာကို ထိုသခင်လေး၏ မျက်ဝန်းများထဲတွင် မြင်နေရသည်။
