~ ကျွီ ~
အခန်းတံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ချဥ်တူးတူးအနံ့ဆိုးကြီးက နှာခေါင်းဆိီသို့ တိုက်ရိုက်ဝင်ရောက်လာသည်။ ထိုအနံ့အသက်များအား လျစ်လျူရှုကာပင် အခန်းထဲသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် အခန်းအတွင်းကို ဝေ့ဝိုက်ကာ ကြည့်လိုက်တော့ ပုလင်းအခွံတွေ၊သောက်လက်စ ဆေးလိပ်တိုတွေနှင့်ပြည့်နှက်နေသည်။
ကုတင်ပေါ်တွင်လည်း ဖရိုဖရဲဖြစ်နေသော အိပ်ရာကြီး ။ စောင်တွေကလည်း ကုတင်ပေါ်တွင်တစ်ဝက် ကြမ်းပြင်ပေါ်တွင် တစ်ဝက်နှင့်။ ရေသံဘူးအခွံတွေကလည်း မမြင်ချင်မှအဆုံး ။
ထိုအခန်းထောင့်၏ တစ်နေရာတွင်တော့ ဆံပင်တွေဖွာလန်ကြဲကာ အရက်ထိုင်သောက်နေသည့်လူငယ်တစ်ဦး ။ သူ့အခန်းကဲ့သို့ပင် သူသည်လည်း ပျက်စီးနေပေသည်။ ဘဝကို အရှုံးပေးကာ အလဲလဲအပြိုပြိုဖြစ်နေသော ထိုလူငယ်သည် အခန်းအတွင်းသို့ လူတစ်ယောက်ဝင်ရောက်လာသည်ကိုပင် သိပုံမပေါ်ပေ။
~ ဟူး ~
ဦးမိုးမဟာ သည် သက်ပြင်းကို တိုးတိုးလေးချကာ ထိုလူငယ်ဆီသို့ လှမ်းသွားခဲ့သည်။
"မင်း ဒီတိုင်းပဲနေသွားတော့မှာလား ... လေညာမုန်တိုင်း "
အသံကြား၍ မော့ကြည့်တဲ့မျက်ဝန်းတွေက နောင်တတရာတွေနှင့်ပြည့်နှက်လို့ ... ခနအကြာတွင် ခေါင်းကိုပြန်ငုံ့ကာ အရက်ဆက်သောက်ဖို့ကို ရွေးချယ်လိုက်သည်။
"ဟေ့ကောင် ... မင်းကိုငါ မေးနေတယ်လေ"
သို့သော်လည်း ဂရုစိုက်ပုံမပေါ်ဘဲ အရက်ဆက်သောက်မြဲသာ ။
"မင်းရဲ့ အဲ့လိုစောက်ချိုးတွေကြောင့် ငါ့သားက ထားသွားတာ ..."
ထိုအခါမှာတော့ အရက်ပုလင်းကို မော့နေသည့်လက်တွေဟာ တန့်သွားသည်။ ချက်ချင်းဆိုသလို ထိုသူ၏ မျက်လုံးတွင် မျက်ရည်များ ရစ်ဝိုင်းလာတော့သည်။
"ဦးမိုးမဟာ ပျော်နေတယ်မလား "
"ဘာ ! "
"သူ ကျွန်တော့်ကို ထားသွားလို့ ဦးမိုးမဟာ ပျော်တယ်မလားလို့ "
"ငါနဲ့ဘာဆိုင်လည်း မင်းအပြစ်နဲ့မင်း ခံရတာပဲကွ ၊ မင်းသာ သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့မယ်ဆိုရင် သူထားသွားပါ့မလား "
ငြိမ်ကျသွားသော လူငယ်က ခနအကြာမှာတော့ ပုခုံးတွေလှုပ်သည်အထိ ငိုကြွေးလာတော့သည်။
"ဟုတ်တယ် ကျွန်တော်မှားခဲ့တာ ဘာမှမဟုတ်တဲ့ သွေးထိုးစကားတွေကို နားယောင်မိတဲ့ ကျွန်တော့်အမှား၊ ကျွန်တော့်အမှားပါ ဒယ်ဒီရာ၊ ကျွန်တော်မှားတာမလို့ သူ့ကိုပြန်ခေါ်ပေးလို့ မရဘူးလားဗျာ "
"မှားမှန်းသိရင် အဲ့အမှားကို ပြင်ဆင်ဖို့အတွက်ကြိုးစားရတယ် ၊ မင်းအခုလို အခန်းအောင်းပြီး အရက်သောက်နေတာက ဖြေရှင်းနည်းမဟုတ်ဘူး"
ထို့နောက် ဦးမိုးမဟာက လူငယ်၏ ပုခုံးကို ဆုပ်ကိုင်လိုက်ကာ ...
"ဆုံးရှုံးသွားလည်း ကိုယ့်အပိုင်ဆိုတာ သေချာနေရင် သူကမင်းဆီကို ပြန်ရောက်လာမှာပဲ ၊ မင်းသာ အရင်ကထက်ပိုကောင်းအောင်နေရမှာ ၊ ဒယ်ဒီပြောတာ နားလည်လား "
"သူက သားကို မချစ်တော့ရင်ရော "
"ဒယ်ဒီ့သားရဲ့ အချစ်တွေက အဲ့လောက်စျေးမပေါမှန်း ဒယ်ဒီယုံတယ် "
လူငယ်တစ်ယောက်ရဲ့ ဘဝ မပျက်စီးစေလိုသော စိတ်ကြောင့်သာ ပြောလိုက်ရပေမယ့် ထိုစကားသည် 100% မှန်နေသည်ဟု အာမ မခံနိုင်ပေ။ စိတ်ဆိုးတဲ့သူက ပြန်လာနိုင်ပေမယ့် စိတ်နာသွားတဲ့သူကတော့ ပြန်မလာနိုင်ပေ။ စိတ်ပါပျက်သွားရင်တော့ အစအနပါ ရှာမတွေ့နိုင်တော့ပေ။
သို့သော်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပေ။ ဘာလို့ဆို ဒီပြဿနာတွေအားလုံးရဲ့ အဓိက တရားခံက ဦးမိုးမဟာကိုယ်တိုင် ဖြစ်နေ၍ပင်။
_____________________________________
စိတ်ကူးယဥ်စာပေဖြစ်သည့်အတွက် အမှားတစ်စုံတစ်ရာပါဝင်ခဲ့ပါက ခွင့်လွှတ်ပေးကြပါရန်။
YOU ARE READING
Silent Beat
Randomခင်ဗျားအတွက် ကျွန်တော့်ဆီမှာ အမုန်းတွေအပြင် ပေးစရာမရှိဘူး ... ကျွန်တော့်ကို အသုံးချဖို့ ကြိုးစားခဲ့တဲ့ ခင်ဗျားရဲ့ မိသားစုကို နင်းချေပြီး တဖြည်းဖြည်း ဆွေးမြေ့လောင်မြိုက်နေအောင်လုပ်ပေးမယ်.... _လေညာမုန်တိုင်း_ အချစ်ဆိုတာ ဘာမှန်းမသိတတ်ခင် အရွယ်ကတည်းက ကိ...
