နံနက်ခင်း၏ နေရောင်ခြည်သည် လိုက်ကာအထူကြီးများကြားမှ တိုးဝှေ့ဝင်ရောက်ရန် ကြိုးစားနေသော်လည်း ဤအခန်းလေးထဲတွင်မူ မှောင်ရီပျပျသာ ရှိနေဆဲဖြစ်သည်။ အခန်းထောင့်ရှိ စားပွဲပေါ်တွင် တောက်ပနေသော Graphic Tablet ၏ အလင်းရောင်ကသာ အခန်း၏ အသက်ဆက်ရာ ဖြစ်နေပုံရသည်။ အခန်းထဲတွင် ပစ္စည်းပစ္စယများ သပ်ရပ်စွာ ရှိနေသော်လည်း လူသူကင်းမဲ့နေသကဲ့သို့ တိတ်ဆိတ်လွန်းလှသည်။
ကလစ်... ကလစ်...
ဒစ်ဂျစ်တယ်ကလောင်တံလေး၏ လှုပ်ရှားသံက တိတ်ဆိတ်နေသော အခန်းထဲတွင် စည်းချက်ကျကျ ထွက်ပေါ်နေသည်။ အသက် ၂၃ နှစ်အရွယ် ကောင်လေးတစ်ယောက်သည် ကွန်ပျူတာရှေ့တွင် အာရုံစူးစိုက်ကာ ပန်းချီဆွဲနေသည်။ သူ၏ နဖူးပေါ်တွင် ဝဲကျနေသော ဆံပင်အုပ်အုပ်လေးများအောက်တွင် တောက်ပသော မျက်လုံးအစုံ ရှိနေသော်လည်း၊ ထိုမျက်လုံးများနောက်တွင်မူ ဖော်မပြနိုင်သော ဝေဒနာအချို့ ကိန်းအောင်းနေသယောင်။
ထူးခြားသည်မှာ အခန်းထဲတွင် တစ်ယောက်တည်း ရှိနေသည့်တိုင် သူ၏ မျက်နှာတွင် အနက်ရောင် Mask တစ်ခုကို တင်းတင်းကျပ်ကျပ် တပ်ထားခြင်းပင်။ နှာခေါင်းလုံးလုံးလေးနှင့် နှုတ်ခမ်းထူပြည့်ပြည့်လေးများကို ထို Mask အောက်တွင် လုံခြုံစွာ ဝှက်ထားသည်။ သူသည် အသက်ရှူရသည်မှာ အနည်းငယ် မွန်းကျပ်နေသော်လည်း ဤ Mask မရှိလျှင် ခံစားရမည့် စိတ်မလုံခြုံမှုထက်စာလျှင်မူ ထိုမွန်းကျပ်မှုကို သူ ပိုနှစ်သက်သည်။
"ပြီးပြီ..."
ဂယောင်ဆူး သည် သူ၏ Webtoon အခန်းသစ်ကို Upload တင်လိုက်ပြီးနောက် ခုံအမှီတွင် ခန္ဓာကိုယ်ကို ပစ်ချလိုက်သည်။ ၅ ပေ ၈ လက်မ အရပ်ရှိသော်လည်း အမြဲတမ်း ကိုယ်ကိုကိုင်းထားတတ်သည့် သူ၏အလေ့အကျင့်ကြောင့် သူသည် ပို၍ပင် သေးငယ်နေသယောင် ထင်ရသည်။ သူ၏ ဖြူလွှလွှ လက်ချောင်းလေးများက Mask ကို အသာအယာ ထိတွေ့မိသွားသည်။ ဤ Mask သည် သူ၏ ဒုတိယမြောက် အရေပြားကဲ့သို့ ဖြစ်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။
သူ့ကိုယ်သူ ကွယ်ဝှက်ထားချင်သောကြောင့် Black Pearl ဆိုသော ကလောင်နမည်သုံးကာ webtoonဆွဲဖြစ်သည်။ သူ့ရဲ့တည်ရှိမှုကို ဖြစ်နိုင်လျှင် ပျောက်ကွယ်နေစေချင်သောဂယောင်ဆူးက ပင်လယ်ရေဟိုးအနက်ပိုင်း အောက်ခြေရှိ ကမာခွံထဲက ပုလဲလေးလို အခွံမာထဲမှာ ပုန်းနေခြင်းပင်။
YOU ARE READING
The Pearl Within The Shell
Fanfiction"မင်းရဲ့ အခွံထဲမှာပဲ ပုန်းမနေပါနဲ့တော့... အပြင်မှာ မင်းကို ကာကွယ်ပေးမယ့် ငါရှိနေပြီမို့လို့။"
