၂၀၁၂ခုနှစ်၊
ရန်ပြေ ထိုမိန်းမကို စသိတော့ သူ့အသက်၁၁နှစ်၊
အန်ကယ်က အမိုးနဲ့လက်ထပ်ယူပြီး သူ့အိမ်ကို
ပထမဆုံးစခေါ်လာတဲ့နေ့၊ ရန်ပြေ ဒီတသတ်
ဘယ်တော့မှမေ့ရမှာ မဟုတ်တဲ့ အဲဒီနေ့က
ထိုမိန်းမရဲ့မျက်နှာ.......
" နွယ်...ဒါက ဒယ်ဒီပြောပြထားတဲ့ သမီးတို့ အန်တီ..ဒီဖက်က သူ့ရဲ့သား စောရန်ပြေတဲ့...
နွယ့်ထက် ငယ်တယ်...သမီးမောင်လေးကို စောင့်ရှောက်ပေးရမယ်နော်..."
" ဘာမောင်လေးလဲ...မယားငယ်ရဲ့သားကို
နွယ်က ဘာကျေးဇူးရှိလို့စောင့်ရှောက်ရမှာလဲ.."
သူ့ကို စူးရဲစွာကြည့်ပြီး အထင်သေးတဲ့မျက်လုံးတွေနဲ့ ပြောလာတဲ့မိန်းမကို ရန်ပြေ လက်သီးတင်းတင်းဆုပ်ရင်း တိတ်တဆိတ်ပြန်ကြည့်နေလိုက်သည်.. အမိုးက ဒီလိုတွေဖြစ်လာမယ်မှန်းသိလို့ သည်းခံဖို့ သူ့ကိုပြောထားလို့သာ အမိုးဘေးမှာရပ်ပြီး ငြိမ်နေပေးခဲ့တာဖြစ်သည်....
" မိုးမခနွယ်....နင် တစ်နေ့တခြား ရိုင်းစိုင်းလာပါလား ဟမ်....."
" တော်ပါတော့ အစ်ကိုရယ်...ဆွေ နားလည်ပါတယ်..ကလေးဆိုတော့ ဒီလိုပဲ ဖြစ်တတ်
တယ်လေ...သမီးကို သိပ်မဆူပါနဲ့...."
" ဟမ့်......ကျွန်မကို သမီးလို့လာမခေါ်နဲ့...နွယ်က
ရှင့်သမီးမဟုတ်ဘူး..."
" ဒယ်ဒီ နွယ့်ကိုခေါ်ခိုင်းတာ ဒါပြောဖို့ပဲမလား..
ပြောစရာမရှိရင် နွယ် အပေါ်တက်တော့မယ်..."
" နင်............"
ကိုယ့်အမေကို ရန်လိုတဲ့အကြည့်တွေနဲ့
ရိုင်းရိုင်းစိုင်းစိုင်းပြောသွားတဲ့မိန်းမကြောင့် ရန်ပြေ အံကြိတ်ထားလိုက်မိသည်၊ သူတို့သားမိနှစ်ယောက်စလုံးကို မတူမတန်သလိုဆက်ဆံသွားကာ တော်တော်မောက်မာရိုင်းစိုင်းတဲ့မိန်းမဖြစ်သည်။
" ဆွေ...ကိုယ် တောင်းပန်ပါတယ်...သမီးကြီးက ကိုယ် အလိုလိုက်ထားလို့ ဆိုးနေရုံပါ...စိတ်ထားလေးကကောင်းရှာပါတယ်..."
" ဘာမှမဖြစ်ပါဘူး အစ်ကိုရယ်...ဆွေ ဒါတွေနားလည်ပြီးသားပါ..."
