01

211 6 1
                                        

"မောင်မောင်
ဘွားမြတ်ခြယ်ကို နှုတ်ဆက်ပြီးပြီလား "
ပိုင်စက်လင်းမောင်က ခေါင်းရမ်းပြသည်။
" ကိုကိုကရော"
ပိုက်စက်လင်းရောင်က ကဒ်တစ်ခုကို ပိုက်စက်လင်းမောင် မြင်သာစေရန် ထောင်ပြလိုက်ရင်း
"မုန့်ဖိုးတောင် ရပြီးပြီ... "
"မောင်မောင် သွားနှုတ်ဆက်လိုက်ဦး "
ဒေါ်မြတ်ခြယ်မှာ လူကြီးရောဂါဖြင့် ယခင်လို သွက်လက်ခြင်းမရှိစွာ သူ၏မြစ်များနောက်သို့ ယခင်ကလို တကောက်ကောက်မလိုက်နိုင်တော့သည်မှာ အတော်ကြာပြီဖြစ်သည်။ဒီတစ်ခေါက် ခရီးစဉ်ကလည်း ကလေးတေကျောင်းပိတ်ရက်နှင့် ကိုယ်ပိုင်တို့ အလုပ်ပါးချိန်ကို ချိန်ညှိထားသော ခရီးစဉ်ဖြစ်သည်။ စီစဉ်သည်က မိသားစု ခရီးစဉ်ဖြစ်သော်လည်း ဒေါ်မြတ်ခြယ်က သူမနေမကောင်းကတည်းက အိမ်ကနေ ဘယ်မှမသွားဘဲ ခြေ ချုပ်မိနေသော သားနှင့် သားမက်ဖြစ်သူကိုပါ လိုက်ပါစေသည်။
သူမ၏ အကြောင်းပြချက်ကတော့ ကိုယ်ပိုင်တို့နှင့် ကလေးများကို စိတ်မချ ဟူ၍။
ပိုင်စက်လင်းမောင်က ဒေါ်မြတ်ခြယ်၏ အခန်းထဲသို့ ၀င်သွားပြီး နံနက်စာ စားနေပြီဖြစ်သော အဘွားဖြစ်သူ၏ ပါးကို နမ်းလိုက်သည်။
" ဘွားဘွား သားတို့ သွားတော့မယ်နော်"
" ဟုတ်ပါပြီကွယ် ပျော်ပျော်လည်ခဲ့ကြနော်"
" ဟုတ်..."
ပိုင်စက်လင်းမောင်က ခေါင်းငြိမ့်ပြပြီး အဘွားဖြစ်သူကို ငြိမ်သက်စွာ ရပ်ကြည့်နေသည်။ ဒေါ်မြတ်ခြယ်က မသိချင်ယောင်ဆောင်ရင်း ဒေါ်ဆည်းဆာ ပို့ပေးသည့် နူးညံ့သည့်ကြက်ပေါင်းကို ဆက်စားလိုက်သည်။
" မောင်မောင်... စားချင်လို့လား"
"ဘွားက သိရဲ့သားနဲ့ "
" ဘွားက ဘာသိရမှာလဲ"
"ကိုကို့ကို မုန့်ဖိုးပေးတယ် သားကိုလည်း ပေး.. "
"ဖေဖေတို့ပါတယ်လေ "
" ဟင့်အင်း... သားက သော်တာ့အတွက် လက်ဆောင်၀ယ်ချင်သေးလို့"
ဒေါ်မြတ်ခြယ်က ဆက် မစ တော့ဘဲ ယခင်ကတည်းက နှစ်ယောက်စာ ပြင်ဆင်ထားသည့် ကဒ်တစ်ခုကို ပိုင်စက်လင်းမောင်အား ပေးလိုက်သည်။
" သားကို ပိုထည့်ပေးထားတယ် သိလား"
" ဘွားက ကိုကိုနဲ့ သားကြားကို သွေးခွဲနေတာလား
ကိုကို့ကိုလည်း အဲ့လိုပဲ ပြောလိုက်တယ်မလား"
အတတ်ကလေးက အထွန့်တက်လိုက်တော့ ဒေါ်မြတ်ခြယ်က သဘောတကျရယ်သည်။
ကိုကို့ထက် မင်းကို ပိုချစ်တယ် ဆိုတာမျိုး
မောင်မောင့်ထက် မင်းကို ပိုချစ်တယ်ဆိုတာမျိုးနဲ့ ညီအကိုနှစ်ယောက်ရဲ့ အချစ်ကို ပိုမယူနိုင်။
ထိုသို့ပြောလျှင် နှစ်ယောက်လုံးက မကြိုက်ကြ။
သားတို့က အတူတူဘဲမို့ အတူတူပဲ ချစ်ပါ တဲ့လေ။
ဒေါ်မြတ်ခြယ်ကလည်း ထိုစကားများကို ကြားလို၍သာ တမင်သပ်သပ် စနေခြင်းဖြစ်သည်။
"သားသွားပြီနော် အပြန်ရောက်ရင် ဘွားဖို့ လက်ဆောင်၀ယ်ခဲ့ပေးမယ်..."
"ဟုတ်ပါပြီတော်... "
ပိုင်စက်လင်းမောင်က ကဒ်ကို သူ၏ တစ်ခြမ်းစောင်းလွယ်ထားသည့် အိတ်ကလေးထဲ ထည့်လိုက်သည်။
" ကားသော့... မောင်မောင်
စားပွဲပေါ်က ကားသော့ယူခဲ့ပါဦး"
" ဟုတ်ကဲ့.."
မောင်မောင်က မိမိနှင့် ဝေးသော စားပွဲတစ်ဖက်အစွန်းတွင် ရှိနေသည့် ကားသော့ကို ကွေ့ပတ်မယူတော့ဘဲ စားပွဲပေါ်‌ဒူးတစ်ဖက်ထောက်ရင်း လှမ်းယူလိုက်သည်။ ကားသော့ဆီ စိတ်ရောက်နေသဖြင့် သူသတိမထားမိလိုက်သည်က စားပွဲပေါ်တွင် ရှိနေသည့် ကိုကို့၏ ဖန်လုံးကိုပင်။
ခွမ်း...
ဖန်လုံးက ကြမ်းပြင်ပေါ်သို့ ကျပြီး ကွဲသွားတော့သည်။
" မောင်မောင် ဘာဖြစ်တာလဲ"
လူကြီးအားလုံး၏ အကြည့်က ပိုင်စက်လင်းမောင်ဆီရောက်နေပြီး အိမ်ပေါ်မှ ပြန်ဆင်းလာသည့် ပိုင်စက်လင်းရောင်၏ အကြည့်ကတော့ ကွဲကြေသွားသည့် ဖန်လုံးလေးဆီမှာ ဖြစ်သည်။
"ကိုကို... "
‌ပိုင်စက်လင်းမောင်ကလည်း အကိုဖြစ်သူကို မဝံ့မရဲ ကြည့်နေသည်။ သူ့အကိုက ဒီဖန်လုံးလေးကို ဘယ်လောက်တန်ဖိုးထားလဲ သူအသိဆုံး။
"ကိုကို... လက်ရှမယ် "
ဖန်လုံးအကွဲကို ကောက်ကိုင်နေသည့် သားဖြစ်သူကို ကိုယ်ပိုင် သတိပေးလိုက်သော်လည်း သားဖြစ်သူကတော့ အံတင်းတင်းကြိတ်ရင်းနှင့် ထို ဖန်လုံးအကွဲကိုပင် လက်ထဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သေးသည်။ လက်ဖဝါးမှ သွေးများစီးကျလာချိန်တွင်တော့ ကိုယ်ပိုင် စိတ်ပူသွားရသည့် တစ်ဆက်တည်းမှာပင် စိတ်လည်း တိုသွားရသည်။
" ကိုကို ငါ့ကြောင့် ကွဲတာပါ...
ငါတောင်းပန်ပါတယ်"
ပိုင်စက်လင်းမောင်ကလည်း တစ်ခါမှ မမြင်ဖူးသည့် သူ့အကို၏ ပုံစံကိုကြည့်ရတာ အဆင်မပြေလှပေ။
ဒေါသထွက်ပြီး သူ့ကို ရိုက်လိုက်တာမှ ခံသာဦးမယ်။
အခုတော့ ကိုကိုက သူ့ဒေါသကို နာကျင်မှုနဲ့ ဖြေဖျောက်နေသည်။
" သား.. လက်ထဲက ဟာကို လွှတ်လိုက်..."
ကိုယ်ပိုင်က သားဖြစ်သူ၏ လက်ထဲမှ ဖန်လုံးကွဲအပိုင်းအစများကို ဖြေယူရန်လုပ်လိုက်သည်။
သားဖြစ်သူ ကိုယ်တိုင်က နာကျင်ဟန်မပြသော်လည်း ကိုယ်ပိုင်၏ နှလုံးသားသည် တစ်ဆစ်ဆစ်နာကျင်နေရသည်။ သားဖြစ်သူ၏ သွေးများကို မြင်နေရသည်က သူ၏အသည်းနှလုံးကို ဓားဖြင့် မွှန်းနေသကဲ့သို့ပင်။ ယခုမှဘဲ ငယ်ငယ်က ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်မိချိန်တွင် ဒေါသထွက်စွာ ငိုကြွေးတတ်သည့် မိခင်ဖြစ်သူ၏ ခံစားချက်ကို ကိုယ်ချင်းစာမိသွားသည်။
" ပိုင်စက်လင်းရောင်!!...
လွှတ်လိုက်လို့ ပြောနေတယ်!"
နေသူရိန်၏ ခပ်မာမာလေသံကြောင့် ပိုင်စက်လင်းမောင်က သူ၏လက်ကို အနည်းငယ် ဖြေလျော့သွားပြီး အရွယ်နှင့်မလိုက်အောင် တင်းကြပ်ထားသည့် မေးရိုးများသည်လည်း အနည်းငယ် ပြေလျော့သွားသယောင် ရှိသွားသည်။
ကိုယ်ပိုင်က ပိုင်စက်လင်းရောင်၏ လက်ထဲမှ ဖန်လုံးအကွဲအစကို ယူလိုက်ပြီး စိတ်လောစွာဖြင့် ခပ်ဝေးဝေးလွှင့်ပစ်ရန် ချိန်ရွယ်လိုက်သည်။
"မပစ်နဲ့ "
" သား ကွဲသွားပြီလေ...
အကောင်းတိုင်း ပြန်မရတော့ဘူး သား"
"... "
ကိုယ်ပိုင်က သက်ပြင်းမောလေး တစ်ခု ချလိုက်ရင်း
"မောင်မောင်က တမင်တကာ လုပ်တာမဟုတ်ဘူးဆိုတာ သားသိတယ်မလား "
ပိုင်စက်လင်းရောင်က ညီဖြစ်သူကို တစ်ချက်ကြည့်လိုက်ရင်း
" သား သိပါတယ်"
" မောင်မောင့်ကို စိတ်တိုလား"
ပိုင်စက်လင်းရောင်က ခေါင်းခါလိုက်သည်။
" ဖေဖေ့ကို မလိမ်နဲ့
စိတ်တိုရင် စိတ်တိုတယ်ပြော
မောင်မောင့်ကို အပြစ်ပေးလိုက်မယ်"
"ဟင့်အင်း...
မောင်မောင့်ကို စိတ်တိုမိတယ်ဆိုပေမယ့် သားကိုယ်သား ပို စိတ်တိုတယ်... သားက သေချာ မထားလို့ ကွဲသွားရတာ... "
" သားက ကိုယ့်ကိုယ်ကို အပြစ်တင်နေတာလား
သားအမှားမဟုတ်ပါဘူး..."
"ကိုယ် သားကို ဆေးထည့်ပေးလိုက်ဦးမယ်... "
နေသူရိန်က သွေးထွက်နေသော လက်ကလေးကို ညင်သာစွာ ဆွဲပြီး ဆိုဖာခုံတွင် ထိုင်စေလိုက်သည်။
ပြီးနောက် သေချာစွာ သန့်ရှင်းပေးပြီး စိတ်ရှည်လက်ရှည်နှင့် ဆေးထည့်ပေးနေသည်။
ကိုယ်ပိုင်က ပိုင်စက်လင်းမောင်ကို မျက်နှာရိပ် မျက်နှာကဲဖြင့် ခေါ်လိုက်သည်။
"ဖေဖေ မောင်မောင့်ကို မဆူပါနဲ့... "
အလွန်ကို အကင်းပါးသော ပိုင်စက်လင်းရောင်က ညီဖြစ်သူကို ကာကွယ်ရှာသည်။
ကိုယ်ပိုင့်အနေနဲ့လည်း သားငယ်ကို ဆူဖို့အစီအစဉ်မရှိပါပေ။ ဖန်လုံးအကြောင်း မေးလို၍ပင်။
ငယ်ငယ်ကတည်းက ဖန်ဂေါ်လီလုံးတေနှင့် ဆော့လေ့ဆော့ထ မရှိတဲ့ သားကြီးလက်ထဲမှာ ဘယ်လိုလုပ်ပြီး ဖန်လုံးကရောက်နေတာလဲ။
"အဲ့ဖန်လုံးက ဘယ်က ရဝာာလဲ "
" ကိုကိုက မပြောရဘူးလို့မှာထားတယ်"
"ဟမ် "
" ကိုကိုက ဘယ်သူ့မှ မပြောပြရဘူးတဲ့"
"ဖေဖေ့ကိုတောင် ပြောပြလို့မရဘူးလား "
"... "
"သားငယ် ဖေဖေတို့ကို အဲ့လိုတေ လျှို့ဝှက်ထားရင် တစ်ခုခုအန္တရာယ်ကြုံတဲ့အခါ ဘယ်လိုလုပ်မလဲ "
" အခုဟာက အန္တရာယ်မများပါဘူး"
" ကိုကို့လက် ထိခိုက်သွားတယ်လေ!"
"ဖေဖေက သားကို ဆူနေတာလား "
" မဟုတ်ပါဘူး...
သားကြီးက တန်ဖိုးထားတယ်ဆိုတော့ ဖေဖေက"
"ကိုကိုက မပြောပြရဘူးလို့မှာထားတယ် "
" တခြားလူမဟုတ်ဘူးလေ..."
" ကိုကို့ကိုပဲ မေးလိုက်တော့..."
ပိုင်စက်လင်းမောင်က အကိုဖြစ်သူနှင့် နေသူရိန်ရှိရာဆီသို့ ပြန်သွားသည်။
တစ်ဖက်တွင်လည်း
" သား ကိုယ့်ကိုယ်ကို အပြစ်မတင်ရဘူး
အချိန်တန်ရင် အရာအားလုံးက ပျက်စီးမှာဘဲ.. ပစ္စည်းဖြစ်စေ လူပဲဖြစ်စေ..."
"အခုဟာက အချိန်မတန်ဘဲ ပျက်စီးသွားတာ"
"သား လိုချင်ရင် ဖေဖေတို့က စက်ရုံတစ်ခုလုံးတောင် ၀ယ်ပေးနိုင်တယ်ဆိုတာ သိတယ်မလား..
ဖန်လုံးလေးအတွက်နဲ့...
ဟင်း... နောက်တစ်ခါ ကိုယ့်ကိုယ်ကို ထိခိုက်အောင် မလုပ်ရဘူး ဖေဖေတို့လည်း စိတ်မကောင်းဘူး သားတို့ ထိခိုက်မိရင် ဖေဖေတို့ရော ဘွားဘွားတို့ရော စိတ်မကောင်းဖြစ်ရတယ် နာကျင်ရတယ်"
" ဖေဖေ့ရဲ့ စက်ရုပ်လေးကျိုးသွားရင်ရော
ဖေဖေက စက်ရုံတစ်ခု၀ယ်ပြီး အဲ့အရုပ်လေးနဲ့ ပုံစံတူ အရုပ်တေ အများကြီး ထပ်လုပ်ပြီး အစားထိုးမှာလား..."
ပိုင်စက်လင်းရောင်က နေသူရိန်တို့ ခေါင်းရင်းတွင် ရှိသည့် ကလေးကစားစရာ စက်ရုပ် အရုပ်လေးကို ရည်ရွယ်ကာ ပြောလိုက်သည်။
အဲ့ဒါက ကိုယ်ပိုင့်ဆီက သူ ပထမဆုံးရတဲ့ လက်ဆောင်လေး။
လက်ဆောင် ဘာပေးရမလဲ မသိတဲ့ ကိုယ်ပိုင်က သူ့အတွက် တီတီဆည်းဆာ ၀ယ်ပေးထားသော စက်ရုပ်ကလေးကို ပေးခဲ့သည်။
အဲ့တုန်းက ကိုယ်ပိုင် ပြောခဲ့တာက
" ငါ့မှာ မင်းရှိနေလို့ ဒီစက်ရုပ်မလိုတော့ဘူး" တဲ့လေ
ကိုယ့်အပိုင်တို့များ လေးငါးနှစ်အရွယ်လေးနဲ့ ဘယ်လောက်တောင် ခြွေတတ်လိုက်လဲ။
တွေးရင်းပင် အသည်းယားလာရသည်မို့ မိမိ၏ချစ်ရသူကို ‌ပွေ့ဖက်နမ်းရှိုက်လိုက်ချင်သည်။
" အဲ့အရုပ်က သားဖေဖေ ပထမဆုံး ပေးထားတာမို့လေကွာ ဘယ်လိုလုပ် အစားထိုးလို့ရမှာလဲ
ဘယ်နှစ်နှစ်တောင် ရှိနေပြီလဲ"
"သားလည်း တစ်နေ့ရောက်ရင် ဖေဖေ့လို ပြန်ပြောပြချင်ခဲ့တာ... "
" သား ရည်းစားတေဘာတေထားနေတာလား"
ဆယ့်တစ်နှစ်အရွယ်ကလေးနှင့် မလိုက်ဖက်လှသော စကားလုံးကြောင့် နေသူရိန် အံ့ဩသွားရသည်။
" ဟင့်အင်း..."
" ဘယ်သူက ပေးထားတာလဲ ဖေဖေ့ကို ပြောပြမလား.."
" သန့်က ပေးထားတာ"
သန့် က ဘယ်သူလဲ
"သန့်ဆိုတာက မိန်းကလေးလား"
"ဟင့်အင်း ယောကျားလေး "
နေသူရိန် ဦးနှောက်ကို အပြေးအလွှားအလုပ်ပေးလိုက်ချိန်တွင်တော့ ကိုသက်နိုင်နှင့် ကဗျာ တို့၏ သား၊ သားနှင့် အတန်းဖော်ဖြစ်သူ ရတုသန့်စင်ကို မြင်ယောင်မိသွားသည်။
" တစ်နေ့ရောက်ရင် သားက သန့်ကို ဖေဖေတို့လို လက်ထပ်မှာ..."
" သန့် ဘက်ကရော..."
" သူလည်း သားကိုပဲ လက်ထပ်ရမှာ..."
နေသူရိန် ခေါင်းကို ညင်သာစွာ ခါရမ်းလိုက်ပြီး သားဖြစ်သူကို ဖြောင့်ဖျရန် စကားလုံးရှာဖွေနေမိသည်။
သို့သော်လည်း အချည်းအနှီးသာ။
သူတို့ကိုယ်တိုင်ကလည်း အစွဲအလမ်းကြီးစွာ ချစ်ခဲ့ကြသူများမို့ မိမိတို့၏ သားများကို အလိုလိုက်ရုံမှတစ်ပါး တခြားမရှိတော့ပေ။
"ခရီးကို ဖျက်လိုက်မလား... "
ဦးမင်းသူရက သွေးထွက်သံယို ကိစ္စဖြစ်သည်မို့ လူကြီးပီပီ အတိတ်နိမိတ်တေကို ယုံကြည်စွာ ပြောလာသည်။ ဂျော်ဒန်ကတော့ ဘာမှ ၀င်မပြော။
နေသူရိန်ကတော့ ကိုယ်ပိုင့်သဘောအတိုင်းသာ။
" ကိုယ့်အပိုင် သဘောကရော"
"သား သွားချင်လား "
ကိုယ်ပိုင်က ပိုင်စက်လင်းရောင်ကို မေးလိုက်သည်။
ပိုင်စက်လင်းရောင်က ခေါင်းငြိမ့်ပြသည်။
Aurora ဆိုတဲ့ Art Gallery ကို သူ တကယ်သွားကြည့်ချင်သည်။
"အဲ့ဒါဆို သွားကြတာပေါ့... လေယာဉ်ချိန်ကရော ဘယ်လိုလဲ "
" မှီပါတယ်"
"အဲ့ဒါဆို သွားကြမယ်လေ... "
"ခနလေး ဖေဖေ... "
ပိုင်စက်လင်းရောင် ဖန်လုံးကွဲစများကို တယုတယထုတ်ပြီး အပေါ်ထပ်ရှိ သူ့အခန်းထဲသို့ သွားထားသည်။
အိမ်အကူအဒေါ်ကြီးကိုလည်း သူ့အခန်းထဲကို မ၀င်ဖို့ အသေအချာ မှာခဲ့သေးသည်။
ထို့နောက်တွင်တော့ ကလေးနှစ်ယောက်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်ကို စတင်လိုက်ကြတော့သည်။
လေယာဉ်ခရီးစဉ်က ရှည်ကြာသည်မို့ သားနှစ်ယောက်ကို စိတ်ပူမိသော်လည်း သားနှစ်ယောက်ကတော့ အေးအေးဆေးဆေးပင်။
ပိုင်စက်လင်းရောင်ကလည်း သူ့ကြောင့် ညီဖြစ်သူ အနည်းငယ် လန့်သွားသည်ကို သိတတ်စွာ ညီဖြစ်သူကို ဂရုစိုက်ပေးနေပြီး ညီဖြစ်သူကလည်း သူ့ကြောင့် အကို စိတ်တိုသွားပြီး ထိခိုက်ရသည်ဟူသော စိတ်ကြောင့် အကိုဖြစ်သူ၏ ပတ်တီးဖွေးဖွေးစည်းထားသည့် လက်လေးကို အရိပ်တကြည့်ကြည့်။
နာရီနှစ်ဆယ်ကျော်ခန့် လေယာဉ်စီးပြီးနောက်တွင်တော့ New York သို့ ဆိုက်ရောက်တော့သည်။
ဂျော်ဒန်၏ ညီမဖြစ်သူ အယ်လာက လာရောက် ကြိုပေးသည်။
"အိမ်မှာ လာနေဖို့ Daddy က ပြောနေတာ
ကလေးတေကိုလည်း တွေ့ချင်နေတာ "
"အပျော်ခရီးလာတာလေ... လွတ်လွတ်လပ်လပ် အပြင်မှာဘဲ နေပါစေ
အိမ်လည်လာခဲ့မယ်လို့ ပြောထားလိုက် "
"အကို့ကို ပြောနေတာမဟုတ်ဘူး... "
"အယ်လာ... "
ဂျော်ဒန်နဲ့ အယ်လာက မျက်နှာချင်းဆိုင်လိုက်ရင် ဘယ်လိုမှ စကားအကောင်းထွက်မလာ။
ဦးမင်းသူရနှင့်အတူ မြန်မာနိုင်ငံကို လိုက်နေသည်ကို အယ်လာက သဘောမကျ။
ဦးမင်းသူရကို ဒီမှာဘဲ ခေါ်ထားပြီး နေစေချင်သည်။
သူမတို့မှာ သွေးသားဆိုလို့ ဒီမောင်နှမနှစ်ယောက်ရှိတာကို ဂျော်ဒန်ကတော့ အသက်နှစ်ဆယ်နီးပါးကတည်းက ဦးမင်းသူရအနားတွင်နေသည်။
ကျောင်းတက်တော့လည်း Online ကနေတက်ကာ  မြန်မာနိုင်ငံက ရှေ့နေဘွဲ့ကိုလည်းယူသည်။
အမေရိက ရှေ့နေအထူးပြုကိုလည်း တက်သည်။
ဒီနိုင်ငံမှာ အရွယ်ရောက်ရင် ခွဲနေတာတေက ပုံမှန်ပဲဖြစ်ပေမယ့် မြန်မာသွေးတစ်၀က်နှောထားသည့် သူမကတော့ မိသားစု သိုက်သိုက်၀န်း၀န်းနှင့် အိမ်ထောင်တေ ကျသည့်တိုင် အတူနေလိုသေးသည်။ အယ်လာက ကားကို ဂျော်ဒန်တို့၏အိမ်သို့ မောင်းပို့ပေးလိုက်သည်။
" ဒီကားပဲ ယူထားလိုက် ဖေဖေက ကလေးတေပါမှာမို့ တကူးတက ၀ယ်ထားတာနော်"
ဈေးမနည်းလှသည့် ကားကိုကြည့်ပြီး ဦးမင်းသူရ အားနာမိသွားသည်။
သူကတော့ ကျေးဇူးရှင် မိသားစုကို ကျေးဇူးမဆပ်သည့်အပြင် သူတို့သားကိုပါ သူတို့နဲ့ဝေးရာ ခေါ်သွားလိုက်သေးသည်။
"အကို... "
ဂျော်ဒန်က ဦးမင်းသူရ၏ ခံစားချက်ကို နားလည်စွာ ဖြင့် နူးညံ့နွေးထွေးစွာ ခေါ်ဆိုရင်း နှစ်သိမ့်ပေးလိုက်သည်။ အကိုက သူ့အပေါ် အားနာတဲ့ စိတ်တေ ဘယ်တော့များမှ ပြေပျောက်မှာလဲ။
"စိတ်မရှိဘူးဆိုရင် ကားရဲ့ ကုန်ကျစရိတ်ကို ကျွန်တော်တို့ပေးပါရစေ... ကျွန်တော် အားနာလို့ပါ"
"အမလေး တကယ်အားနာရင် မငြင်းနဲ့ ကလေးတေကို အိမ်ကိုသာ တစ်ရက်လောက် လာပို့ထားပေး
ပြန်ပြီနော် တစ်ခုခုဆို ဖုန်းဆက်လိုက်
အိမ်ကို လာနော် ကိုယ့်အသိစိတ်နဲ့ကိုယ်မလာရင် ကလေးတေကို ပြန်ပေးဆွဲပြီးခေါ်သွားမှာ"
အယ်လာက စနောက်ပြောရင်း ဆေးရုံသွားရမည်မို့ ပြန်သွားတော့သည်။
ကိုယ်ပိုင်တို့လည်း ခရီးပန်းလာသည်မို့ အနားယူဖို့သာ ပြင်ဆင်ရသည်။
ကိုယ်ပိုင်တို့နှစ်ယောက်က တစ်ခန်း
ဂျော်ဒန်နှင့် ဦးမင်းသူရက တစ်ခန်းယူလိုက်ပြီး ကလေးနှစ်ယောက်ကို တစ်ခန်းပေးလိုက်သည်။
"သားတို့ အေးအေးဆေးဆေးနားကြဦး...
နောက်ရက်မှ အေးအေးဆေးဆေး လည်ကြမယ်...  "
"ဟုတ်.. "
ကိုယ်ပိုင်က ကလေးနှစ်ယောက်ကို နေရာချပေးပြီး ထွက်သွားသည်။
"ကိုကို ငါ့ကို စိတ်ဆိုးလား "
"မဆိုးဘူး "
"ကိုကို့လူက‌ စိတ်ဆိုးမှာလား မသိဘူး သူပေးထားတဲ့ ပစ္စည်းကွဲသွားလို့ဆိုပြီး..."
" သူက မှတ်မိမှာတောင် မဟုတ်ပါဘူး..."
"မော်တာမဆိုရင် အကုန်မှတ်ထားတာ...
သူ့အကိုကိုဆို သူပေးထားတဲ့ ပစ္စည်းပျောက်လို့ဆိုပြီး စိတ်ဆိုးတာ သိလား... "
"လေယာဉ်စီးရတာ မပင်ပန်းဘူးလား...
ငါက စိတ်မဆိုးဘူး အေးအေးဆေးဆေး နား... "
" နည်းနည်းတော့ ငါ့အပေါ်ဒေါသထွက်သွားတယ်မလား"
ပိုင်စက်လင်းရောင်က ပြန်မဖြေ။
တကယ် သူစိတ်တိုခဲ့သည်။
မောင်မောင်မဟုတ်ဘဲ တခြားသူဆို သူ စုတ်ပြတ်သတ်သွားအောင်ကို ရိုက်နှက်ပစ်မိလိမ့်မည်ထင်သည်။
"အိပ်တော့... "
"ငါကတိပေးတယ်...
နောက်ကျရင် ကိုကို တန်ဖိုးထားရတဲ့အရာတေကို ငါ့အသက်နဲ့ ရင်းပြီး ကာကွယ်ပေးမယ် "
ပိုင်စက်လင်းရောင်က သဘောတကျပြုံးသည်။
" သော်တာနဲ့ပေါင်းပြီး Drama တေ ချိုးတတ်နေပြီ"
"တကယ်ပြောတာ ကိုကိုတန်ဖိုးထားရတဲ့ အရာတေကို ဘယ်သူမှ ထိခိုက်အောင် မလုပ်နိုင်အောင် ‌ငါ ကာကွယ်ပေးမှာ "
" အင်း မင်းကလည်း ငါ့အတွက် တန်ဖိုးကြီးတယ် မင်းကိုယ်မင်း မထိခိုက်အောင်နေရင် ရပြီ.."
ပိုင်စက်လင်းရောင်၏ အပြုံးကို မြင်မှသာ ပိုင်စက်လင်းမောင် စိတ်အေးသွားရသည်။
သူ သိတာပေါ့။
ကိုကိုက သူဖြစ်နေလို့။
ဖျက်စီးမိတဲ့သူက သူ့ညီ ပိုင်စက်လင်းမောင် ဖြစ်နေခဲ့လို့ သူ့ဒေါသတေကို သူ့ကိုယ်သူ ထိခိုက်အောင် လုပ်ပြီး ဖြေဖျောက်လိုက်တယ်ဆိုတာ။
ပိုင်စက်လင်းမောင်က စိတ်အေးစွာဖြင့် ပက်လက်လှန်ကာ မျက်လုံးများကို မှိတ်လိုက်သည်။
New York တွင် နေထိုင်သူတို့အတွက် အရမ်းကြီးမအေးသော ရာသီဥတုဖြစ်သော်လည်း အပူပိုင်းမှလာသော သူတို့အတွက်တော့ အလွန်ကို အေးလှသည်။
အခန်းလေးသည် တိတ်ဆိတ်သွားပြီး လေပူပေးစက်သံ ခပ်တိုးတိုးသာ ထွက်ပေါ်နေသည်။
"မောင်မောင်... "
"ဟင်... "
" ငါ့ကိုယ်ငါ တစ်ခါတစ်လေ ကြောက်မိတယ်"
" ဘာလို့လဲ ကိုကိုက ကြောက်ဖို့မကောင်းပါဘူး"
"ငါ... တစ်နေ့တစ်နေ့ လောဘတေ တက်လာပြီး
သူ့ကြောင့်နဲ့ လူတောင် သတ်မိမလားမသိဘူး "
"အင်း ငါလည်း အတူတူဘဲ မော်တာမနား ရှိတဲ့ သူ့သူငယ်ချင်းတေကို သတ်ပစ်ချင်တယ်... "
"သူ ငါ့ကို ကြောက်သွားမလား မသိဘူး သူက အရမ်းအေးဆေး နူးညံ့တာ ပြီးတော့ အရမ်းလည်း စိတ်သဘောထားကောင်းလွန်းတယ် "
" ငါကတော့ မော်တာမကို ပြန်ကြောက်နေရတယ်
သူက အခုဆို တိုက်ကွမ်ဒိုတေ ကရာတေးတေပါ စတက်နေပြီ..."
ဆယ့်တစ်နှစ်ကောင်လေးနှစ်ယောက်၏ အချစ်ရေးစကားဝိုင်းက အနည်းငယ် ကို့ရို့ကားရားနိုင်နေသည်။ မိမိ၏ ခံစားချက်ကိုသာ ထုတ်ပြောတတ်ပြီး တစ်ဖက်လူကိုတော့ မည်သို့ နှစ်သိမ့်ပေးရမလဲ မသိကြ။
" ကိုကို သူ့ကို ဘာလို့ ကြိုက်တာလဲ"
"မသိဘူး ချစ်စရာကောင်းလို့ ထင်တယ် "
"တခြား ချစ်စရာကောင်းတဲ့ သူတေ အများကြီးရှိတာကို "
"မင်းကရော သော်တာ့ကို ဘာကြည့်ကြိုက်တာလဲ ဒီလောက် ယောကျားဆန်နေတာကြီးကို သူ့လောက်တောင် ချစ်စရာမကောင်းဘူး "
" ဘယ်သူကပြောလဲ သော်တာက ချစ်စရာမကောင်းဘူးလို့... ကိုတိမ်ယံ မိတ်ကပ်ပြင်ပေးတဲ့အချိန်ဆို အရမ်းလှတာ ကိုကို မြင်ဖူးလို့လား"
" သန့်က ပိုလှတာ သော်တာ့ထက် ပိုလှတယ်"
ဒေါက်... ဒေါက်...
"ကိုကို နဲ့ မောင်မောင် အနားယူခိုင်းထားတာနော် ငြင်းမနေနဲ့ အိပ်ကြတော့... "
ကိုယ်ပိုင့်အသံကြောင့် ညီအကိုနှစ်ယောက် ငြိမ်သက်သွားပြီး တစ်ယောက်နှင့် တစ်ယောက် ကျောပေးကာ အိပ်ဖို့ လုပ်ကြတော့သည်။
ကိုယ်ပိုင်လည်း မိမိအခန်းသို့သာ ပြန်လာခဲ့သည်။
" ရိန်... သားက"
"အင်း ကိုယ်သိတယ်
သူ့ကို သန့်က လက်ဆောင်ပေးထားတာတဲ့"
"သန့်ဆိုတာက... "
" ကိုယ်ထင်တာတော့ ကိုသက်နိုင်ရဲ့ သား ရတုသန့်စင်ကို ပြောတာလားလို့ ငယ်ငယ်ကလည်း ကျောင်းကလည်း တစ်တန်းတည်း အတူတက်နေကြတာဆိုတော့..."
" အခုခေတ်ကလေးတေများ လက်တောက်လောက်လေးတေနဲ့ အချစ်အကြောင်းတေ ဆွေးနွေးနေကြပြီ... အဟင်း..."
ကိုယ်ပိုင်၏ စကားကို နေသူရိန်က ခပ်ဖွဖွရယ်သည်။
" ဘာရယ်တာလဲ..."
"ဘာမှ မဟုတ်ပါဘူး "
" ဘာရယ်စရာ ပါလို့လဲ ငါ့ကို လှောင်တာလား"
" ကိုယ့်အပိုင်ကရော ကိုယ့်ကို ဘယ်တုန်းက စချစ်ခဲ့တာမို့လဲ..."
" ... "
နေသူရိန်က ကိုယ်ပိုင်၏ နှာခေါင်းထိပ်လေးကို ခပ်ဖွဖွ ညှစ်လိုက်ရင်း
" သားတို့က ကိုယ်တို့သားတေပါ သူတို့လိုချင်တာ ဘာလဲ သူတို့သိတယ် ရအောင်လဲ ယူနိုင်တယ်..."
" ဦးကောင်းစက်သားက ဦးကောင်းစက် လေသံအတိုင်းပဲနော်..."
"ဪ ဦးထက်လင်းသားမက်ပဲလေ... တစ်နည်းအားဖြင့် မင်းရဲ့အမျိုးသားပဲ ဒီလောက်တော့ ရှိမှာပေါ့ "
ကိုယ်ပိုင်၏ မျက်၀န်းလေးများသည် အနည်းငယ်မှေးသွားပြီး နှုတ်ခမ်းလေးများသည်လည်း အနည်းငယ် တွန့်ကွေးသွားသည်။
"တကယ်လို့ သားက ငါ့ကို တူခဲ့ရင်..
မဟုတ်ဘူး တူကိုတူတယ်... ငါ့ထက်တောင် ပိုဆိုးနေလောက်တယ် မင်းက ငါ့စိတ်အတိုင်းလိုက်ပေးနိုင်ပေမယ့် သားရဲ့တစ်ဖက်လူက သားကို နားမလည်ပေးနိုင်ရင်... "
" စိတ်မပူပါနဲ့ သူ့ဖူးစာနဲ့သူ လိုက်ဖက်မယ့်သူ ရောက်လာပါလိမ့်မယ်... မင်းပြောသလို သားတို့က ကိုယ်တို့သားတေပဲ သူတို့ကျော်ဖြတ်နိုင်မှာပါ...
ကိုယ့်အတွက် အရေးကြီးတာက ကိုယ့်အပိုင် ပျော်ရွှင်ဖို့ပဲ အနာဂတ်ကို ကျော်မတွေးဘဲ ပစ္စုပ္ပန်မှာဘဲ ပျော်ပျော်နေရအောင် အချိန်တန်ရင် သားတို့ကလည်း သူ့အဖော်နဲ့သူဖြစ်သွားမှာ မင်းဘေးမှာ အမြဲရှိမယ့် ကိုယ့်အကြောင်းပဲတွေး..."
"မင်းက ငါ့ကို သားတေနဲ့ အူတိုနေတာလား
မင်းပြောတော့ မတိုဘူးဆို သားတေကို ပိုချစ်လည်း ရတယ်ဆို "
"သားတို့အကြောင်း တွေးပူနေတာထက် ကိုယ့်အကြောင်းတွေးတာက မင်းအတွက် ပိုပြီးပျော်စရာကောင်းတယ်မလား မင်းကို ပျော်ရွှင်စေချင်တာပါ"
"အင်း "
ကိုယ်ပိုင်က ခေါင်းငြိမ့်ပြရင်း ချစ်ရသူ၏ ရင်ခွင်ထဲ တိုး၀င်လိုက်သည်။
ဒီရင်ခွင်က သူ့အတွက် အနွေးထွေးဆုံးနဲ့ စိတ်အေးချမ်းရဆုံး ခိုလှုံရာလေး...။

✨05.03.2026✨

🌟youngstar2001🌟

💫 ကိုယ့်အပိုင်တို့ရဲ့ Season 2 ဆိုတာထက် ပိုင်စင်လင်းရောင် (ကိုကို)ကို Main Character နဲ့ ပိုင်စက်လင်းမောင် (မောင်မောင်) တို့ကို Side Couple အဖြစ် ပုံဖော်သွားမှာပါရှင်...
ကိုကိုတို့ အတွဲကတော့ BL Couple ပါ
မောင်မောင်တို့ကတော့ Normal Couple ပါ
နောက်ထပ် Side Couple ကတော့ ကျွန်မအချစ်ရဆုံးလေး မိုးစက်နဲ့ ကွေကာအုပ်လေးတို့ပါ💫
🍉up ကတော့ အနည်းငယ် ကြာနိုင်ပါတယ်ရှင်🍉
🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉

Born for you (Mine Season 2)Stories to obsess over. Discover now