အပိုင်း-၁

529 9 4
                                        

စမ်းချောင်း Garden Residence ၏ ၁၂ ထပ်မြောက် Penthouse အတွင်းမှာ အေးစက်စက် လေအေးပေးစက်သံမှအပ ကျန်တာ အားလုံး တိတ်ဆိတ်နေသည်။

ဇွဲခေတ်ဘုန်းမောင် တစ်ယောက် သူ့ရဲ့ ဈေးကြီးပေးဝယ်ထားရတဲ့ Ergonomic ထိုင်ခုံပေါ်မှာ နောက်မှီရင်း လက်ထဲက Espresso ခွက်ကို လှည့်ပတ်ကြည့်နေမိသည်။ MacBook စခရင်ပေါ်က Creative Brief တွေက သူ့ကို အနည်းငယ် စိတ်ကုန်စေ၏။ လန်ဒန်မှာ နေခဲ့စဉ်က ရခဲ့တဲ့ အလေ့အကျင့်အတိုင်း တစ်နေကုန် အခန်းအပြင်မထွက်ဘဲ အလုပ်ထဲ စိတ်နှစ်ထားသည်မှာ ခုဆို ညနေစောင်းနေပြီ။

"ရန်ကုန်က အပူချိန်ကလည်း ဘယ်တော့မှ မကျဘူးပဲ..."

သူ ညည်းတွားရင်း မှန်ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ စမ်းချောင်းရဲ့ ကားကျပ်လှတဲ့ လမ်းမတွေကြားထဲမှာ လူတွေကပုရွက်ဆိတ်တွေလို သွားလာနေကြသည်။ သို့သော် သူ့မျက်စိထဲ တစ်နေရာမှာတော့ အရာအားလုံးက ရပ်တန့်နေသယောင်ရှိသည်။

အနောက်ဘက် မိုးကုပ်စက်ဝိုင်းမှာ နီမြန်းနေတဲ့ နေလုံးကြီးရဲ့ ဘေးမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးက ခန့်ညားထည်ဝါစွာ ဝင်းပနေသည်။ ဇွဲခေတ်အတွက်တော့ ထိုရွှေရောင်သည် ဘာသာရေးထက် ပိုသော 'Art' တစ်ခုလိုပင်။

သူ ကင်မရာအိတ်ကို ပခုံးမှာ လွယ်လိုက်သည်။ ရွှေတောင်ကြားက မေမေ ဖုန်းဆက်ထားသည်ကိုလည်း အမှတ်ရမိသည်။ 'သား... မနက်ဖြန် ဘုန်းဘုန်းဆီ သွားဖို့ သင်္ကန်းနဲ့ ပရိက္ခရာတွေ သွားဝယ်ပေးပါဦး... ရွှေတိဂုံ အရှေ့ဘက်မုခ်နားက ဆိုင်မှာ မေမေ မှာထားတယ်' တဲ့။

"Creative Director တစ်ယောက်က သင်္ကန်းသွားဝယ်ရမယ်ပေါ့... ဟက်!"

သူ ခပ်ရယ်ရယ် ရေရွတ်ရင်း ဓာတ်လှေကားဆီသို့ လှမ်းခဲ့သည်။

ဇွဲခေတ် သူ့ရဲ့ Range Rover ကားလေးကို ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်နားမှာ အသာအယာ ထိုးရပ်လိုက်သည်။ ညနေခင်း နေဝင်ရိုးရီ အချိန်မို့ လမ်းမပေါ်မှာ ပန်းသည်တွေ၊ ဆီမီးရောင်းသူတွေနဲ့ စည်ကားနေသည်။ လေထဲမှာ အမွှေးတိုင်နံ့နဲ့ စံပယ်ပန်းနံ့တွေက ရောယှက်နေပြီး ရန်ကုန်ရဲ့ ပုံမှန်အငွေ့အသက်ကို ပေးစွမ်းနေ၏။

The Still PointWhere stories live. Discover now