"မာန်ရေ... အန်တီ အမေ့ကို ဖုန်းဆက်ထားတယ်နော်..."
နံနက်ခင်း ၆ နာရီဝန်းကျင်သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ကလောမြို့ကလေး၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေးလံထိုင်းမှိုင်းသော မြူနှင်းရိပ်တို့ လွှမ်းမိုးနေဆဲပင်။
မာန်သည် အိမ်ရှေ့ခုံတန်းလျားလေးတွင် အရုပ်မလေးတစ်ခုလို ငြိမ်သက်စွာ ထိုင်ရင်း မိဘများလာခေါ်မည့် အချိန်ကို စောင့်မျှော်နေရှာသည်။ ကလောသို့ စတင်ရောက်ရှိစဉ်က တက်ကြွရွှင်မြူးနေခဲ့သည့် ပုံစံနှင့် ယခုပုံစံမှာ လားလားမျှမသက်ဆိုင်တော့ချေ။ အမြဲတမ်း တစာစာနှင့် ဆော့ကစားတတ်သည့် ထိုကလေးငယ် ယခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ကြည့်ရသူအဖို့ ရင်ထဲတွင် တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ဟာတာတာကြီး ခံစားရစေသည်။ သူ၏ အသုံးအဆောင်များ ထည့်ထားသည့် လွယ်အိတ်ကလေးမှာလည်း သူ၏ကျောပြင်ထက်တွင် လေးလံစွာ တည်ရှိနေ၏။
ခွန်းသည် မာန့်ကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်လိုသည့်စိတ်ဖြင့် အဝတ်အစားများကို အမြန်လဲလှယ်ကာ အိမ်ရှေ့သို့ ပြေးထွက်လာခဲ့သည်။ ခွန်းသည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်မိ၏။ ယနေ့နံနက်ခင်းမှာ အရင်နေ့များကဲ့သို့ လန်းဆန်းမှုမရှိတော့ဘဲ အရာရာမှာ ဟာလာဟင်းလင်း ဖြစ်နေသည်ဟု ခွန်း ခံစားနေရသည်။ သူသည် လေးလံသော ခြေလှမ်းများဖြင့် မာန့်အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်တော့သည်။
"မာန်..."
ခေါ်ပြီးချက်ချင်း အနားတွင် ဝင်ထိုင်လိုက်သည်။
"အစ်ကို... ကျွန်တော် တကယ်ပဲ ပြန်ရတော့မှာလားဟင်..."
မေးလိုက်သော မာန့်၏အသံသည် အရင်လို ကလေးဆန်မနေတော့ဘဲ တည်ငြိမ်လွန်းနေသည်။
"မာန်လေး... အစ်ကိုတို့ နောက်ကျရင် ပြန်တွေ့ရမှာပါ၊ ဝမ်းနည်းနေတုန်းပဲလား..."
မာန် ဘာမှပြန်မပြောနိုင်ဘဲ ခွန်း၏လက်ကို အားကိုးတကြီး ဆုပ်ကိုင်လိုက်မိသည်။
ဝမ်းနည်းရိပ်တို့ လွှမ်းခြုံနေသည့် သူ၏မျက်ဝန်းအစုံက ခွန်းကို မခွဲနိုင်သလို စိုက်ကြည့်နေတော့သည်။
YOU ARE READING
တို့နှစ်ယောက်ကို မဆုံစေသော [ ongoing ]
General Fictionအစ်ကိုသိလား...အစ်ကိုနဲ့စတွေ့ကတည်းက နှင်းဆီပန်းတွေကို မြတ်နိုးတတ်လာတာ..။ အတ္တမာန် + ခွန်းဆက်နောင် မိဘချင်းရင်းနှီးမှုကြောင့် 'ညီအစ်ကို' ဆိုသည့် စည်းဝိုင်းထဲ အမှတ်တမဲ့ ပိတ်မိခဲ့ကြပေမဲ့ သွေးသားထက်ပို၍ နက်ရှိုင်းသော သံယောဇဉ်နှင့် ရှောင်လွှဲမရသည့် ချစ်ခြ...
![တို့နှစ်ယောက်ကို မဆုံစေသော [ ongoing ]](https://img.wattpad.com/cover/405546932-64-k884369.jpg)