ခုနှစ်စဉ်ကြယ် လူဘုရင့်နန်းတော်
အပိုင်း ၁ - သွေးအလောင်းကောင်
လွန်ခဲ့သော နှစ်ငါးဆယ် ။
ချန်ရှားမြို့ ၊ ပျောင်းဇီတောင်တန်း ။
ပညာရှင်ဆန်ဆန် လူလေးယောက်မှာ ပွင့်နေသည့် သင်္ချိုင်းဂူ၏ အစွန်း၌ ငုတ်တုတ်ထိုင်နေကြပြီး စကားတစ်ခွန်းမှ မဆိုကြဘဲ မြေကြီးပေါ်မှ ဂေါ်ပြားတစ်ချောင်းအား စူးစူးစိုက်စိုက်ကြည့်နေကြသည် ။ သင်္ချိုင်းတူးရာတွင် အသုံးပြုသည့် လော့ယန်ဂေါ်ပြားဟု သိကြသော အဆိုပါဂေါ်ပြားမှာ တမူထူးခြားသည့် ပစ္စည်းကရိယာ တစ်မျိုးဖြစ်၏ ။ သင်္ချိုင်းဂူထဲမှ ယခုပင် ဆွဲထုတ်လိုက်သည့် ရှည်မျောမျော ပြွန်ပုံစံ ဂေါ်ပြားထဲ၌ မြေဆွေးများပါလာပြီး ထိုမြေလက်တစ်ဆုတ်စာထဲမှ အနီရောင် အရည်ပျစ်ပျစ်များ ထူးဆန်းစွာ ယိုဖိတ်စိမ့်ထွက်ကျနေပုံမှာ လောလောလတ်လတ် သွေးထဲ နှစ်စိမ်ထားခဲ့ သလိုလိုပင် ။
" ဒီအောက်မှာတော့ အတော်လေး ပြဿနာရှိတယ်"
အဖွဲ့ထဲမှ အသက်အကြီးဆုံး လူကြီးက သူ၏ ဆေးတံကို မြေကြီးပေါ် ခေါက်ချလိုက်ရင်း ပြောသည် ။
" အောက်မှာ သွေးအလောင်းကောင်ရှိနေတယ် ၊ တကယ်လို့ ငါတို့သတိမထားရင် အားလုံးဒီနေရာမှာ ထာဝရ မြှုပ်ပြီးသား ဖြစ်သွားလိမ့်မယ်"
" ဆင်းမှာလား မဆင်းဘူးလား ၊ လုပ်မှာလား မလုပ်ဘူးလား တစ်ခွန်းပဲပြော ခင်ဗျားရဲ့ အဓိပ္ပါယ်မရှိ အပိုစကားတွေ နားမထောင်ချင်ဘူး "
မျက်လုံးအုပ်တစ်ဖက်တပ်ထားသည့် ဆယ်ကျော်သက်အရွယ် ကောင်လေးက ပြော၏ ။
" ခင်ဗျားရဲ့ အိုမင်းမစွမ်း ခြေထောက်တွေက အဆင်မပြေဘူးဆိုရင်လဲ ကျုပ်နဲ့ ကျုပ်ညီ ဆင်းမယ် ၊သူကဘာကောင်မလို့လဲ ဂရုစိုက်လို့ ၊ ကျည်တစ်ကဒ်လုံးပစ်ထည့်ပေးလိုက်မယ်"
အဖိုးကြီးက စိတ်ဆိုးရမည့်အစား ရယ်မောလိုက်ပြီး သူ့ဘေးနားက မုတ်ဆိတ်မွေးနှင့် လူကို ခပ်အေးအေးလှည့်ပြောလိုက်သည် ။
