^Ah Ko^

0 0 0
                                        

အကို

ညီမအကို့ကိုတစ်ပတ်တည်းချစ်မှာပါ
သံသရာတစ်ပတ်။

မိုးတွေရွာနေတယ်အကို
အရင်နေ့တွေကထက်ပိုဂရုစိုက်ပေးလိုက်ပါ
အကိုချစ်တဲ့အမျိုးသမီးကို။

***
အကို

နွေဦးဟာအကိုရှိမှပိုသာယာသလို
အကိုနဲ့အတူရှိခဲ့တဲ့နွေဦးဟာတစ်သက်မေ့ရမည်
မဟုတ်။

နွေဦးမှာအကိုနဲ့အတူရှိနေခဲ့ပြီးမလို့
မိုးနဲ့ဆောင်းကိုဖြတ်သန်းရမည်ကိုမပူပင်တော့။

***
အကို

မျက်ဆံညိုညို ဆံနွယ်နက်နက်တွေကြား
သွေးကြောစိမ်းလေးတွေယှက်နွယ်နေတဲ့
အကို့ခြေဖမိုးလေးကိုသာရွေးပါရစေ။

ဆုတောင်းသာပြည့်လျှင်
အကို့ခြေဖဝါးအောက်က ကတ္တီပါအနက်
လေးဖြစ်ပါရစေ။

***

အကို

ဘုရားသွားလို့ရေသပ္ပါယ်၊ပန်းကပ်တာဟာ
အကို့နေ့နာမ်ထောင့်မှာပါ။

အလှူငွေထည့်တဲ့အခါတိုင်း
ညီမပြန်ရလာတာဟာ အကို့ရဲ့အမည်နာမ။

ဖြစ်နိုင်ရင်
ဘုရားမှာပန်းအတူတူကပ်ချင်တယ်
သံသရာတကွေ့ရေစက်ပါဖို့။

အကို ဝဋ်လည်မှာမကြောက်ဘူးလားလို့
ပြောလိုက်ချင်ပေမဲ့ အကိုမှ မမှားဘဲ။

***

အကို

လွဲသွားပြီဟေ လွဲသွားပြန်ပြီ
အကိုနဲ့။

မဖြစ်နိုင်တဲ့ဟာကိုမျှော်မိတော့
ကိုယ့်မှာအလဲလဲအကွဲကွဲ။

အကိုက ကောင်းကင်ပေါ်ကလမင်းဆို
ညီမကမြေပြင်ပေါ်က သနားစဖွယ်
မိန်းမငယ်ပေါ့။

***
အကို

အကိုနဲ့ညီမလုံး၀မဖြစ်နိုင်ဘူးလို့
တွေးလိုက်တိုင်း ဝဲဘက်ရင်အုံဟာ
တဆစ်ဆစ်နှင့်။

အကိုဟာ ဟိုအမျိုးသမီးကိုဆို
အပြုံးလည်းချိုသလို စကားလည်းပို။

ညီမရဲ့အချစ်တွေဟာ ဟိုအမျိုးသမီး
ညှပ်ချလိုက်တဲ့လက်သည်းတွေလောက်ပင်
အရေးမပါ။

အကိုနဲ့ညီမဟာဖြစ်နိုင်ပါတယ်
နေမင်းကြီးအနောက်အရပ်ကထွက်တဲ့တစ်နေ့။

***
အကို

ဘယ်အရာမဆိုတလွဲတချော်
ဖြစ်တဲ့ ညီမဟာအကိုနဲ့ပတ်သက်တာမှန်သမျှ
ဘယ်ချိန်မေးမေး မှတ်မိဆဲ။

အကိုဟာ ညီမအနှစ်သက်ဆုံးစာအုပ်လေး
တစ်အုပ်ပဲ ဘယ်ချိန်ဖတ်ဖတ်ဇာတ်သိမ်း
တူတူပဲဆိုပေမဲ့ ဘယ်တော့မှရိုးမသွားဘူး။

အကိုသိလား အကိုမသိဘူး အကိုသိတာဟာ
ဟိုအမျိုးသမီးကိုဂရုစိုက်ပေးဖို့။

***
အကို

ဘယ်သူထင်မှာလဲ
ညီမရဲ့ကမ္ဘာကြီးဟာ မျက်၀န်းညိုညို
တွေကစတယ်ဆိုတာ။

အကိုကဘာရယ်မဟုတ်ဘဲ
ပြုံးပြလိုက်တာ ညီမက
မေမြို့မှာ အိမ်၀ယ်ပြီးပြီ။

ဖြစ်နိုင်ရင်
အကိုနဲ့ဆိုင်ကယ်ပတ်စီးတဲ့အခိုက်အတန့်
မှာပဲအချိန်တွေကိုရပ်တန့်လိုက်ချင်။

***
အကို

ညအမှောင်ထဲလမ်းလျှောက်ရန်ဖြစ်နိုင်ပေမဲ့
အရည်ကြည်တွေလဲ့နေတဲ့မျက်၀န်းတစ်စုံအား
ကြည့်ရန်မဖြစ်နိုင်။

အကိုနဲ့ပတ်သက်ရင်
ညီမဟာအတိတ်မှာပိတ်မိနေဆဲ။

အရင်ဘ၀က
ဆုတောင်းများမှားခဲ့လေသလား
ဒီဘ၀မှာအကိုဆိုတဲ့၀ဋ်ကြွေးလှလှလေးကို
ဆပ်နေရလို့။

***
အကို

နွေရာသီဟာအကိုရှိမှ
ပိုသာယာသလိုပင်။

အကိုရှိမှ တိမ်စိုင်တိမ်လိပ်
တွေနဲ့တောင်တန်းတွေဟာ ပိုလှပသလို။

တစ်ခါတစ်ရံမှာ
လူတွေဟာမချစ်သင့်တဲ့လူကိုမှ
ချစ်မိသွားကြတယ်တဲ့။

အကိုဟာညီမကလွဲရင်
တောင်တန်းတွေအစ ပန်းပင်တွေအဆုံး
စကားပြောတယ် ရယ်မောတယ်။

***
အကို

You've reached the end of published parts.

⏰ Last updated: Nov 02 ⏰

Add this story to your Library to get notified about new parts!

PoemsWhere stories live. Discover now