ရှောင်းကျန့် ယုံကြည်ခဲ့ဖူးတဲ့အရာတစ်ခုတစ်ခုရှိတယ် ။ အဲ့ဒါက ကိုယ့်ဘက်က အတတ်နိုင်ဆုံး ချစ်ပေးနိုင်ခဲ့ရင် ၊ အနှိမ့်ချဆုံး အတိတ်ဆိတ်ဆုံး ဘေးမှာနေပေးခဲ့ရင် တစ်ဖက်လူက ကိုယ့်ကိုဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ဘူးလို့ ။
ရှောင်းကျန့်ရဲ့ အချစ်အပေါ် သတ်မှတ်ချက်မှာ သူများတွေလို love loudly ဖြစ်ရမယ်ဆိုတာမျိုး မရှိဘူး ။ ကိုယ်ချစ်ရသူ ဝမ်းနည်းနေချိန်မှာ ဘေးမှာတိတ်တိတ်လေး အင်အားဖြစ်ပေးလိုတယ် ။ ထမင်းစားပွဲပေါ်က ပူပူနွေးနွေးအစားအစာတွေကိုလည်း သူ မမျှော်လင့်ခဲ့ဖူးဘူး ။ တစ်ဖက်လူကို အစာနွေးနွေးလေးတွေကျွေးဖို့ ၊ အချိန်မှန်မစားနိုင်ရတဲ့ကြားထဲ အေးစက်နေတာတွေစားရင် အစာအိမ်ထိမှာစိုးလို့ဆိုတာမျိုးပဲ သူ့အတွေးထဲ အမြဲရှိခဲ့တာ ။ တကယ်တော့ ရှောင်းကျန့်ဘဝမှာ ဘယ်တုန်းကမှ အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ မအားလပ်ခဲ့ဖူးသလို စိတ်လည်းမဝင်စားခဲ့ဖူးပါဘူး ။ ဝမ်ရိပေါ်နဲ့တွေ့မှ သူရင်ထဲဖြစ်ပေါ်လာတဲ့အရာတွေအတိုင်း တယုတယပြုမူမိလာရုံလောက်ပါပဲ ။
ပြီးတော့ တစ်ဖက်လူရဲ့ အေးစက်သထက်အေးစက်လာတဲ့ နောက်ကျောကိုရင်ဆိုင်လာရတဲ့ ညတွေတိုင်း ၊ မနက်ခင်းတံခါးဝက ကျောခိုင်းထွက်ခွာသွားတဲ့ကျောပြင်ရဲ့ အေးစက်မှုတွေကို ရင်ဆိုင်လာရတိုင်း ကိုယ့်ကိုယ်ကိုယ် ထပ်တလဲလဲ ဖြေသိမ့်ခဲ့မိတယ် ။ အတိတ်ဆိတ်ဆုံး တောင်းဆိုမှုမရှိဆုံးချစ်ပေးရင် ၊ အရိုကျိုးဆုံးနှိမ့်ချပေးနိုင်ခဲ့ရင် ၊ အနွေးထွေးဆုံး မေတ္တာခြုံပေးခဲ့ရင် ထွက်သွားမှာမဟုတ်ပါဘူးလို့ ။ ဘယ်သူ့အတွက်မဆို တစ်ယောက်ထဲရှင်သန်ဖို့ဆိုတာက ခဲယဥ်းလွန်းတယ်လေ ။ တစ်ယောက်ယောက် ကိုယ့်ဘေးနားမှာရှိနေဖို့ လူတိုင်းလိုလားကြတာပဲမလား ။ ဟုတ်တယ်မလား ။
ဒါပေမဲ့ အချိန်အပိုင်းအခြားတစ်ခုက အဖြေပေးလာခဲ့ပါတယ် ။ မဟုတ်ပါဘူးတဲ့ ။ ဝမ်ရိပေါ် ထွက်သွားမယ့်နေ့တုန်းက ရှောင်းကျန့်ကို ပြောခဲ့တယ် ။ အမြင့်ဆုံးထိသွားကြရအောင်တဲ့ ။ နှုတ်ဆက်စကားတစ်ခွန်းတောင်မှ မဟုတ်ပါဘူး ။ ဒါပေမဲ့ ရှောင်းကျန့်သိခဲ့တယ် ။ ဝမ်ရိပေါ်ပြန်မလာတော့ဘူးဆိုတာကို ။ အဲ့နေ့က ဝမ်ရိပေါ်ကအခန်းထဲဝင်သွားပြီး တော်တော်ကြာကြာပြန်ထွက်မလာခဲ့ဘူး ။ ရှောင်းကျန့်လည်း လိုက်မဝင်သွားခဲ့မိဘူး ။ ဧည့်ခန်းထဲမှာပဲ သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲဖွင့်ရင်း ဝရံတာမှာ နေဝင်ချိန်ထိ ထိုင်နေမိခဲ့တယ် ။
~ You can't expect me to be fine
I don't expect you to care ~
ဘယ်နှစ်ကြိမ်မြောက်ပွင့်လာခြင်းမှန်းမသိတဲ့ အဲ့စာသားအဆုံးမှာပဲ သူ့နောက်ကတံခါးဖွင့်သံ ပိတ်သံကို တစ်ဆက်တည်း ကြားခဲ့ရတယ် ။ ဒါပေမဲ့ ရှောင်းကျန့် လှည့်မကြည့်ဖြစ်
ခဲ့ဘူး ။ တားလည်း မတားဆီးရက်ခဲ့ဘူး ။
တစ်လလောက်အကြာမှာတော့ အိမ်လေးရဲ့ပိုင်ရှင်နောက်တစ်ယောက်ဟာလည်း တံခါးကိုဖွင့်ထွက်လို့ သော့ခတ်သွားခဲ့ပြီး ဘယ်တော့မှ ပြန်မဖွင့်ဖြစ်ခဲ့တော့ပါဘူး ။
ရှောင်းကျန့်မှာ ဘယ်တုန်းကမှ ဝမ်ရိပေါ်ကို ထုတ်မမေးဖြစ်ခဲ့တဲ့ မေးခွန်းတစ်ခုရှိခဲ့ဖူးတယ် ။
'ကိုယ်က ၊ ကိုယ်တို့အချစ်က ကိုယ်တို့အနာဂတ်လမ်းကြောင်းအတွက် ဆူးညှောင့်ခလုတ်တစ်ခုလို မင်းမြင်နေတာလား' လို့ ။
ဒါကိုလည်းပဲ သူ မမေးရဲ ၊ မမေးရက်ခဲ့ပါဘူး ။
•••
ESTÁS LEYENDO
The Step We Didn't Take
Fanfictionပိတ်ကားနောက်ကွယ်မှ အခန်းဆက်များ ~ မလှမ်းဖြစ်ခဲ့တဲ့ခြေလှမ်းတွေ ~ • zhanyi •
