"ကဲ! ကျောင်းသားတို့!... အားလုံးပဲ အာရုံစိုက်ပေးကြပါ''
အခန်းထဲရှိ ကျောင်းသားအားလုံးနီးပါး အာရုံစိုက် တိတ်ဆိတ်နေပေးကြပေမယ့် နောက်ဆုံးခုံဝယ်ကျောင်းသားတစ်ယောက်ကတော့ အိပ်နေ၍ပင် ထမလာခဲ့ပေ။
"သူက မင်းတို့ရဲ့အတန်းပိုင်ကိုယ်စား ယာယီအတန်းပိုင်ဆရာအသစ်ပဲ, ဆရာ ကိုယ့်ကိုယ်ကို အရင်မိတ်ဆက်လိုက်ပါဦး''
ကျောင်းအုပ်ပြောတော့မှ ဘေးမှာရပ်နေသည့်အရပ်ရှည်ရှည်နဲ့လူချောလေးက တပ်ထားတဲ့ လေးထောင့်မကျသော ငွေရောင်မျက်မှန်လေးအားပင့်တင်ရင်း သူ့ကိုယ်သူမိတ်ဆက်လာသည်။
"အားလုံးပဲ မဂ်လာပါ ဆရာက ဒီအတန်းရဲ့ယာယီအတန်းပိုင် ထန်ကျားရွေ့ပါ''
သူ့နာမည်ကိုမိတ်ဆက်ပြီးသည်နှင့် အစောကစိတ်ဝင်စားမှုမရှိတဲ့ နောက်ဆုံးခုံရှိတစ်ယောက်သည် မယုံကြည်နိုင်ခြင်းများစွာဖြင့် အတန်းရှေ့မှာရပ်နေသည့် အတန်းပိုင်ဆရာအသစ်ကို လှမ်းကြည့်မိတော့ သူ့ကိုပြန်ငေးစိုက်ကြည့်နေတဲ့ အရောင်လဲ့လဲ့မျက်ဝန်းတွေနဲ့ တွေ့ဆုံလိုက်ရသည်။
ထန်ကျားရွေ့မှာလည်း အတန်းထဲဝင်လာကတည်းကပင် မျက်လုံးဝေ့ကြည့်ရင်း သူ့ကို နှစ်တွေအကြာကြီး ရှောင်ပုန်းနေတဲ့ ကောင်လေးကို ရှာဖွေနေခဲ့ခြင်းပင်။
သူရှာတွေ့ခဲ့ပါပြီ ဟိုး....နောက်ဆုံးခုံလေးမှာ မှောက်အိပ်နေသူလေးက သူအကြာကြီးရှာဖွေခဲ့ရတဲ့ သူ့ရဲ့ကလေးငယ်....။
ကလေးလေးတောင် အရွယ်ရောက်လာပြီပဲ ဒါပေမယ့် သူအရင်ကနမ်းခဲ့ဖူးတဲ့ ပါးဖောင်းဖောင်းလေးတွေကတော့ အခုထိရှိနေသေးသည်။
သူ့ကို အံသြစွာငေးကြည့်နေတဲ့ ကလေးလေးက တစ်ခုခုကိုအလိုမကျစွာပဲ ခုံပေါ်ပြန်မှောက်အိပ်သွားတော့သည်။
ဒီကလေး အခု သူ့ကိုလျစ်လျူရှုလိုက်တာပေါ့လေ။ အခုတော့ တကယ်အရွယ်ရောက်လာခဲ့ပြီပဲ။ အရင်ကတော့ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းနေတဲ့ကလေးငယ်.....။
သူမှတ်မိပါသေးတယ်.....အဖေဆုံးသွားတုန်းက မိသားစုရဲ့ပင်မထောက်တိုင်ကြီးကို ဆုံရှုံးလိုက်ရတဲ့ခံစားချက်က သူနဲ့သူ့အမေ့ကို အများကြီးပြိုလဲစေခဲ့သည်။
