"နင်တို့သီချင်းအသစ် ထွက်ထားတာကောင်းသားဘဲ"
"နင်ကောင်းသားဘဲပြောတဲ့ အထိဆိုရင်တော့ သေချာပေါက် ကောင်းနေလို့ဘဲ"
"ဟမ်!ဘာလို့လဲ"
မျက်ခုံးလေးတွန့်ချိုးကာ ပြောလာတဲ့ ယမုံကြောင့် ယွန်းရယ်မိသည်။ ယမုံနဲ့ကငယ်ငယ်ထဲက သူငယ်ချင်းတွေဆိုပေမယ့် အကြိုက်တွေ၊ဝါသနာတွေကတော့ လုံးဝဆန့်ကျင်ဘက်တွေချည်း။
"နင်ကအဲ့လိုလူမျိုးမို့လို့လေ ဒါနဲ့ဆေးခန်းမသွားရဘူးလား"
"ပိတ်ရက်လေ"
"အား!ဟုတ်သားဘဲ ငါမေ့နေတာ ဒါဆိုညနေအိမ်မှာညစာလာစားပါလား အိမ်မရောက်တာလဲကြာနေပြီမလား မေမေကနင့်ကိုမေးနေတာ"
"ငါလဲဒေါ်လေးကို သတိရပါတယ်ကြားထဲမအားလို့ပါ ညနေကျလာခဲ့မယ်လေ"
"အဲ့တာဆို ငါသွားစရာရှိသေးလို့ သွားလိုက်အုံးမယ် ဂရုစိုက်အုံး ညနေကျမမေ့နေနဲ့"
"အေးပါဟာ လာခဲ့ပါမယ်"
~~~~~
"ဟို! မမအလှလေး ကျွန်တော့်ကို အဲ့အရုပ်လေး ပြန်ရောင်းပေးပါလား"
ကောင်တာရှေ့တွင် မျက်နှာငယ်လေးနဲ့ သူမကိုကြည့်ကာ တောင်းဆိုနေတဲ့ ထိုကလေး။ သူမထိုကလေးရှေ့အနည်းငယ်သာ စောရောက်လာသည်။ ဖြစ်ချင်တော့ ဒီအရုပ်လေးကလဲ တစ်ခုထဲသာကျန်တော့။ မှူးလိုချင်နေတာတော့ကြာပါပြီ ကြားထဲမအားတာနဲ့မလာဝယ်ဖြစ်။
မျက်နှာလေးမှာ ဆူပုတ်နေပေမယ့်ချစ်ဖို့တော့ကောင်းသားရယ်။ ကလေးတွေကိုမြင်ရင် စချင်နေတဲ့ စိတ်ကိုထိန်းမရနေတော့ မှူးသူ့ကိုစဖို့တွေးမိလိုက်သည်။
"ဒီအရုပ်လား....ကောင်လေးနဲ့အရုပ်နဲ့က မလိုက်ဖက်ပါဘူး"
"ဟိုကျွန်တော့်အတွက်မဟုတ်ပါဘူး ..."
"ကောင်မလေးအတွက်လား"
"ကောင်မလေးမရှိပါဘူးဗျာ ကျွန်တော့်တီလေးအတွက်ဝယ်ပေးချင်လို့ပါ"
"တီလေးဆိုတာ...."
"ခန့်မင်း! ဘာလုပ်နေတာလဲဒီမှာ တီလေးကမင်းကြာနေလို့ လိုက်လာခဲ့လိုက်တာ"
