နှင်းဆီနီတစ်ပွင့်ရဲ့ ပွင့်ဖက်တွေဟာ လေအဝှေ့မှာ မြေပြင်ထက်ကြွေသည်။
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည့် လက်နွေးနွေးလေးအစား ဂယူဘင်း လက်ထဲ လေဟာနယ်တချို့သာ ကျန်ရှိခဲ့၏ ။
အိမ်မက်ပါပဲ ... ။
နှင်းဆီပန်းရဲ့ ပွင့်ဖက်လေးတွေလို သိပ်လှတဲ့ ချွမ်ရွေ့ဟာ ဂယူဘင်းဆီ ဘယ်တော့များမှ ပြန်လာလိမ့်မလဲ။
နှစ်ပေါင်းများစွာ စောင့်ရလည်း ဖြစ်သလို ဘယ်တော့မှ ပြန်မလာရင်တောင် သူစောင့်နေဦးမည် ဖြစ်သည်။
__________________
ကျောင်းတွေ စဖွင့်တဲ့ ရက်က မိုးတွေရွာသည်။ ဂယူဘင်းဟာ ချွမ်ရွေ့ကို သူ့ဘက်ပိုတိုးစေလိုက်ရင်း ထီးကိုလုံအောင် မိုးပေးထား၏ ။
"သားတို့ .. ဒယ်ဒီပြန်လာကြိုတာနောက်ကျသွားတယ် .. ရွှဲကုန်ပြီလား"
ဒယ်ဒီဟာ ပြောပြောဆိုဆိုနဲ့ ချွမ်ရွေ့ကို မိုးကာဝတ်ပေးနေသည် ။ ဒယ်ဒီက သူ့ရဲ့ အဖေအရင်းဖြစ်ပြီး ချွမ်ရွေ့ကတော့ သူ့မိထွေးရဲ့ သားဖြစ်သည် ။
"သားမိုးကာ ချွမ်ရွေ့ကိုပေးလိုက်နော် .. ဒယ်ဒီတစ်ခုပဲပါလာလို့ .. သားက ထီးပဲဆောင်းနော်"
"ဟုတ်"
ဆယ့်နှစ်နှစ်သားအရွယ် ဂယူဘင်းရဲ့ စိတ်ထဲမှာ ချွမ်ရွေ့ကို မုန်းတီးခြင်းတွေမရှိ ။ ဒယ်ဒီ့ကို သူ့ဆီက လုယူသွားရုံလေးနဲ့တော့ ချစ်ဖို့ကောင်းတဲ့ ချွမ်ရွေ့ကို သူမမုန်းပစ်ရက်ပါ။
ချွမ်ရွေ့ကို သူအကိုအရင်းလို သူငယ်ချင်းလို သူတအားခင်ရပါသည်။
"ကျောင်းမှာအဆင်ပြေလားချွမ်ရွေ့"
"ဟုတ် ဦးလေး"
"ဒယ်ဒီလို့ခေါ်ဖို့ပြောထားတယ်လေသား"
ချွမ်ရွေ့က စကားနည်းပြီး လူလည်းကြောက်တတ်သည်။ ချွမ်ရွေ့ သူတို့အိမ်ကိုရောက်တာ သုံးလလောက်ရှိပြီဖြစ်သော်လည်း အခုထိ ဒယ်ဒီနဲ့ မရင်းနှီးသေး။
"ဟုတ်ကဲ့ ဒယ်ဒီ"
"ချွမ်ရွေ့က အရမ်းချစ်ဖို့ကောင်းတာပဲနော် ဒယ်ဒီ"
သူ့အား မျက်လုံးလေးပြူးပြီး ကြည့်လာသော ချွမ်ရွေ့ကို ဒယ်ဒီက ကားမှန်ထဲမှ လှမ်းကြည့်လို့ ပြုံးသည်။
ချွမ်ရွေ့ဟာ မာမီနဲ့ သိပ်ကို တူ၏ ။
မာမီက သူ့မျက်လုံးထဲမှာတော့ သိပ်လှတဲ့ အမျိုးသမီးတစ်ယောက်။
သူ့ကို မွေးရင်းဆုံးသွားတဲ့ အမေအရင်းပြီးရင် သူအချစ်ဆုံးအမျိုးသမီးဟာ မာမီသာလျှင်ဖြစ်သည်။
