(၁၅)

458 53 12
                                    

Unicode

တောင်ငူဆောင်းသည် အအေးပိုလွန်းသည်ဟု သော် ပြောဖူးသည်။ ဆောင်းမနက်များမှာ ကော်ဖီပူတစ်ခွက်နှင့် စတင်ရသည်ကို သော်သည် သိပ်သဘောကျသည်။ သော်သောက်သည့် ကော်ဖီခါးခါးကို ကျွန်တော် လိုက်မသောက်နိုင်ခဲ့ပါ။ သော် ကြိုက်တတ်သည့် ကော်ဖီလေးကိုပင် ကြိုးစား၍ သောက်ပေးဖော်မရခဲ့သည့် ကျွန်တော့်အား ဘဝ၏အချိုးအကွေ့တစ်ခု၌ ပစ်ချထားခဲ့ရက်နိုင်ခြင်းသည် သော်၏ အပြစ်တော့ မဟုတ်ရပါ။

ဆောင်းရာသီ၌ပင် ရေခဲချောင်းအစားမပျက်သော ကျွန်တော့်အား‌ သော်သည် အမြဲတမ်း အံ့ဩရစမြဲဖြစ်သည်။

"ဒီလောက်အေးနေတာကို ရေခဲချောင်းတွေ စားနေတယ် ဘယ်လိုကောင်လဲဟ" ဟု အရေးမပြုဟန်နှင့် တအံ့တဩသာ ပြောတတ်သော သော်သည် သူ ချစ်ရသော မိန်းကလေး စုကိုတော့ "အအေးစာတွေ မစားချင်စမ်းပါနဲ့ စုရယ်၊ တည့်တာလည်းမဟုတ်ဘဲနဲ့" ဟု တယုတယ ပြောသည်ကို နားစွန်နားဖျား ကြားခဲ့ဖူးပါသည်။

လူတွေဟာ ဂရုစိုက်ပေးမယ့်သူ၊ ဆုံးမပေးမယ့်သူ မရှိတော့ရင် သူ့အလိုလို လိမ္မာသွားတတ်ကြပါသတဲ့။ ထိုလူတွေထဲ ကျွန်တော် မပါခဲ့ဘူးထင်သည်။ နွေ၊မိုး၊ဆောင်း ဥတုသုံးပါးစလုံး ကျွန်တော်ဟာ ရေခဲချောင်း အစားမပျက်ခဲ့ပါ။ "ရေခဲရှောင်း" ဟု ကျွန်တော် စကားမပီတိုင်း စနောက်တတ်သည့် သော့်အား မမေ့နိုင်သေး၍ဖြစ်ကြောင်းကို သော်များ သိလျှင် "တော်တော်နုတဲ့‌ကောင်"ဟု ပြောကာ မချိုမချဉ် ရယ်လိမ့်ဦးမည် ထင်သည်။

သဘောကျသော ရုပ်ရှင်အမျိုးအစားမှအစ ဂီတအမျိုးအစားအဆုံး မတူကွဲပြားနေခဲ့သည့် သော်နှင့် ကျွန်တော်သည် ဘယ်လိုမှ ပေါင်းစပ်၍ မရနိုင်သည်ကို ခပ်စောစောအချိန်ကတည်းက သိခဲ့ရလျှင် သိပ်ကောင်းမည်။

သေးဖွဲသော အကြောင်းအရာလေးများ၌ပင် သော်နှင့်ကျွန်တော်သည် အတူ ဝေမျှခွင့် မရနိုင်ခဲ့ပါ။ ဥပမာ နားကြပ်တစ်ခုတည်းနှင့် အတူ သီချင်းနားထောင်တာမျိုးပေါ့။ ပေါ့ပ်သီချင်း ချိုချိုလေးများအား ကြိုက်နှစ်သက်သော‌သော်သည် ကျွန်တော် သဘောကျသည့် ရော့ခ်ဂီတကို ဘယ်လိုမှ သဘောမကျနိုင်ခဲ့ပါ။ သော့်နားထဲ နားကြပ်တပ်ပေးလျှင်တောင် "ဘာတွေလဲကွာ၊ နားငြီးတယ်" ဟု ပြောကာ ပုတ်ထုတ်ပစ်လေ့ရှိပါသည်။

တစ်ကြိမ်လောက်ပဲ ထပ်နမ်းခွင့်ပြုပါDonde viven las historias. Descúbrelo ahora