"အရှင်..!"

စစ်ပွဲအတွင်းရောက်နေသည့်ကာ့ပါးလီယာက စကားတစ်ခွန်းမဆိုဘဲယူးလာစစ်သင်္ဘောထံပြန်ရောက်လာပြီး အာကာသပြောင်းရွှေ့ရေးစက်ကိုစတင်လိုက်သည်။ ဘုရင်ကနိုးထလာပြီး သူတို့အားခေါ်နေခဲ့၏။ တွေးကြည့်ရုံဖြင့်ပင် တူဆာ၏အဝေးရောက်နေသောဇက်များမှာ ကြက်သေသေကုန်ကြသည်။ ၎င်းတို့၏တစ်ခုတည်းသောဆန္ဒမှာ ခေါ်ဆိုမှုကိုအကြောင်းပြန်ရန်ပင်။

"နေအုံး..ခေါင်းဆောင်ဘာလုပ်မလို့လဲ...."

အခြားမျိုးနွယ်စုမှစစ်သားများကမူ ပုံမှန်မဟုတ်သည့်အခြေအနေကိုသတိပြုမိပြီး နှောင့်ယှက်ခံလိုက်ရမှုကို စိတ်ထဲမထားဘဲမနေနိုင်ကြပေ၊ ၎င်းတို့အော်ဟစ်လိုက်သည့်အသံထဲတွင် စိတ်ကျဉ်းကျပ်မှုများက အတိုင်းသား။ ၎င်းတို့မှတ်မိထားသည်ကအမှန်ဖြစ်လျှင် ပြဲဟနေသည့်အာကာသအက်ကြောင်းက နေရာများကိုပြောင်းရွှေ့ပေးနိုင်သည်။

ဇက်တွေက ဘာမပြောညာမပြောနဲ့ ဘယ်နေရာကိုတစ်ဖွဲ့တည်းသွားတိုက်ကြမလို့လဲ...ဒါမှမဟုတ်...

ထွက်ပြေးကြတော့မလို့လား...

မည်သည့်ဇက်ကမျှ ထိုမေးခွန်းကိုမဖြေလိုကြ။ ပြဲဟနေသည့်အာကာသအက်ကြောင်းသည် နဂိုအတိုင်းရှိနေပြီး ဇက်စစ်သည်တိုင်းကလည်း အာကာသနှောင့်ယှက်ခံလိုက်ရသည့်နေရာကို တွေတွေကြီးကြည့်နေခဲ့ကြသည်။

အခြေအနေများသည်ကား ကမောက်ကမ စဖြစ်လာခဲ့သည်၊ ရန်သူများဘက်မှထပ်မံတိုက်ခိုက်လာမှုက ပို၍ပင်စိုးရိမ်စရာကောင်းလာ၏။ ရန်သူများဘက်မှ သူတို့အားတွေ့သွားပြီး တညီတညွတ်တည်းဖြင့် အပြတ်အသတ်တိုက်ခိုက်နိုင်ရန် အချိန်ကောင်းအားစောင့်ဆိုင်းနေကြသည်၊ ခံတပ်ကိုချိုးဖောက်ကာ ရန်သူများ၏သေစေနိုင်လောက်သည့်နေရာကိုချိန်ရွယ်ထားခဲ့ကြ၏။ ယခုမူ သူတို့ချက်ကောင်းလွတ်သွားခဲ့ပြီး ဇက်တို့ဘက်မှ တစ်ချက်ပင်မလှုပ်ရှားပေ။

ပုံရိပ်ယောင်မျက်နှာပြင်ကိုကြည့်နေရင်း ဟန်မာ ဖင်ငြိမ်အောင်ပင်မထိုင်နိုင်တော့။

"မဖြစ်နိုင်တာ...ဇက်တွေကထွက်ပြေးတာမဖြစ်နိုင်ဘူး.."

ဟန်မာသည် ဇက်တို့က ဗြုန်းစားကြီးထွက်ပြေးသွားသည်ဟုမယုံကြည်ပေ။ ဇက်တို့က သူတို့အားသစ္စာဖောက်သွားသည်ဆိုခြင်းက ပို၍ပင်မဖြစ်နိုင်သေးသည်။

ငါ လူသားမဟုတ်တော့ဘူး [ Completed ]Where stories live. Discover now