သူဘာပြောရမှန်းမသိဖြစ်နေစဉ်မှာပင် ဒေါ်မိုးကသက်ပြင်းချလျက် ဆက်ပြောလာသည်။

"အမေမိုးပိုက်ဆံလိုနေမှန်းသိလို့ အငယ်မလေးက တစ်ပြားမှတောင်မသုံးဘူး အမေမိုးကို အကုန်အပ်ခဲ့တယ်ကွယ်"

"ဟင်..."

"အမေမိုးလည်း မတတ်နိုင်လို့သာယူခဲ့ရတယ် အခုထိစိတ်မကောင်းဖြစ်နေတုန်းပဲ"

ဒေါ်မိုးစကားကြောင့် ကောင်းခြင်းအံ့ဩသင့်သွားပြီး

"ပန်ပန်က အမေမိုးကို သိန်း(၂၀)လုံးပေးခဲ့တာလား"

"ဟုတ်တယ်သားရဲ့.. ပြောရမှာလည်းရှက်ပါတယ် သူ့အစ်ကိုပြည့်စုံသိန်းကျော်လေ ဂိမ်းရှုံးလို့ဆိုပြီး ငွေအများကြီးအကြွေးတင်နေတာ အမေမိုးလည်းဒီကောင့်ပြဿနာတွေဖြေရှင်းရတာနဲ့တင် သေချင်စော်နံနေပြီ တော်သေးတယ် အဲ့တုန်းက ပန်ပန်ဆီကသာပိုက်ဆံမရရင် အမေမိုးတကယ်အကျပ်ရိုက်နေမှာကွယ်"

"................."

"ဘာပဲဖြစ်ဖြစ် သားကိုကျေးဇူးတင်ပါတယ် သားကြောင့်သာ ပန်ပန်လေးအခုလိုသိတတ်လိမ္မာလာတယ် အရင်လိုသာဆိုရင် အမေမိုးလည်းအသက်ဘယ်ကရှူရမှန်းတောင် သိမှာမဟုတ်တော့ဘူး"

ဒေါ်မိုးက ထုံးစံအတိုင်း သူ့ကိုတဖွဖွချီးကျူးသည်။ သို့သော်သူကာ မလုံမလဲစိတ်တွေနှင့်အတူ ပြန်လာခဲ့ရသည်။

မုဒိတာပန်က ငွေကိုလိုချင်လို့မဟုတ်ဘဲ သူမအမေအတွက် ဒီပိုက်ဆံတွေကို ယူခဲ့ရသည်လား။ ထိုသို့တွေးမိတော့ စိတ်ထဲလည်း တစ်မျိုးဖြစ်သွားရသည်။ သူတစ်ခုခုမှားသွားပြီလား။

ထိုနေ့က ငွေကိုသာတောင်းဆိုလိုက်သော သူမပုံရိပ်ကို မြင်ယောင်လာတော့ စိတ်ထဲတော်တော်နေရခက်သွားမိပြန်သည်။ အပြစ်လုပ်မိသလို ခံစားချက်မျိုး။

အိမ်ရောက်တော့ သူမကိုပန်းခြံထဲစာဖတ်နေသည်ကိုတွေ့လိုက်ရသည်။ ရည်ရွယ်မထားဘဲ ကောင်းခြင်းသူမကိုစူးခနဲ့တစ်ချက်ကြည့်လိုက်မိသည်။

အိမ်နေရင်းဟုဆိုသည့်တိုင် အရင်လိုဖိုသီဖတ်သီနေတာမျိုးမတွေ့ရတော့ဘဲ သေသေသပ်သပ်လေးရှိလာသည်။ အမြဲပြောင်နေတတ်သည့်မျက်နှာလေးကိုလည်း Skincareသေချာလိမ်းခြယ်ထားတော့ အရင်ထက်ပိုကြည့်ကောင်းလာသည်ကအမှန်။ ဆံပင်လည်း သိပ်ရှည်သည်ဟုမဆိုသာသည့်တိုင် ခါတိုင်းလို တိုကပ်ကပ်မဟုတ်တော့ဘဲ ပုခုံးထိဝဲကျလာတော့ မိန်းကလေးဆန်ပြီး ကြည့်ကောင်းလာခြင်းက ငြင်းပယ်မရပါ။ ငယ်လည်းငယ်သေးတော့ ငယ်ဂုဏ်လေးနှင့်ပါယှဉ်တွဲပြီး နုပျိုလတ်ဆတ်နေတော့သည်၊

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now