လေပြင်းတိုက်ကာ မိုးရွာနေခြင်းကြောင့် ရာသီဥတုမှာ လေယာဉ်ပျံသန်းဖို့ မသင့်တော်ပေ။ ရံဖန်ရံခါ ထွက်ခွာသည့် သို့မဟုတ် ဆိုက်ရောက်လာသည့် ခရီးသည်များရှိသော်လည်း ထိုအထဲတွင် ချန်ဝမ် စောင့်နေသည့်သူတော့ မပါခဲ့ချေ။

သူ နိုးနိုးကြားကြားရှိနေစေရန် ဆေးလိပ်တစ်လိပ် မီးညှိလိုက်သည်။ မနေ့ညက အိပ်မပျော်နိုင်ခဲ့သလို ယနေ့မနက်လည်း ယာဉ်ကြောပိတ်ဆို့မည်ကို စိုးရိမ်သဖြင့် ကုန်းတွင်းပိုင်းသို့ တိုင်ဖွန်းမဝင်ရောက်ခင် လေဆိပ်သို့အမှီရောက်အောင် အလျင်စလိုလာခဲ့ရသည်။

နီညိုညိုမီးအလင်းရောင်သည် အမှောင်ထုကို ခပ်ဖျော့ဖျော့ နွေးထွေးမှုဖြင့် တောက်ပနေစေသည်။

ဟောင်ကောင်ရေဒီယိုလိုင်းများသည် ယမန်နေ့က ထုတ်လွှင့်ခဲ့ပြီးသည်များအား တစ်ကျော့ပြန်လည်ထုတ်လွှင့်လျက်ရှိပြီး ဒေသတွင်းသီချင်းများမှာ အပြင်ဘက်ရှိ ထစ်ချုန်းမိုးရွာသွန်းသံများကြား၌ ညှို့ယူနိုင်သော အကျိုးသက်ရောက်မှုရှိနေခဲ့သည်။

ချန်ဝမ် ရေဒီယိုလိုင်းအား ပြောင်းလိုက်သည်။

"TNB မှ သတင်းတင်ဆက်နေပါတယ်... မင်လုံ ဟာ မကြာသေးခင်ကပဲ ပြီးမြောက်သွားပါပြီ... စီးပွားရေးအကျိုးတူပူးပေါင်းမှုနှင့် အောင်မြင်မှုမှာလည်း..."

"ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သည်ကြီးများအသင်းမှ..... အထွေထွေရွေးကောက်ပွဲတွင်... ဥပဒေပြုကောင်စီကို ဗီတိုအာဏာဖြင့်..."

ဖုန်းသံတုန်ခါသွားပြီး ကျောကျစ်ရွှမ်းက ဧည့်ခံပွဲအခမ်းအနားအတွက် သူ ပြင်ဆင်တာ ဘယ်လိုအခြေအနေရှိလဲဟု ချန်ဝမ်အား မေးလာသည်။

တော်ဝင်မင်းသားလေး ပြည်တော်ပြန်လာမည်ဖြစ်သဖြင့် ကျောကျစ်ရွှမ်းမှာ ဒါကို ပေါ့ပေါ့တန်တန် မမှတ်ယူဝံ့ချေ။

ချန်ဝမ် ဓာတ်ပုံအနည်းငယ်ပို့ပေးလိုက်ပြီး "ပင်လယ်အော်ဧရိယာက ပန့်ရှန်းစံအိမ် စားသောက်ဆိုင်" ဟုပြောလာသည်။

ကျောကျစ်ရွှမ်း ကြည့်ပြီးနောက် စိတ်ကျေနပ်သွားသည်။ ချန်ဝမ်က ဘယ်တော့မဆို သင့်တော်ပြီး ယုံကြည်စိတ်ချရတာပဲ။

ချီလော့လီဝေစီး ထံမှ ပြန်စာ Where stories live. Discover now