အနာဂတ်တွင် ကုဟွိုက်က အသက်အန္တရာယ်ကိုခြိမ်းခြောက်လာနိုင်မည့် အခြေအနေကိုကြုံတွေ့ရမည့်ကိစ္စအား အတိအကျသိထားခဲ့သော်လည်း အိုင်းယီကဖုံးကွယ်ထားခဲ့ကာ မည်သူကိုမျှထုတ်မပြောခဲ့။

သူကြိုသိထားသောအရာကိုသာထုတ်ပြောလိုက်မည်ဆိုပါက အနာဂတ်မှာ ပြောင်းလဲသွားလိမ့်မည်ဖြစ်သော်ငြား အဆိုပါပြောင်းလဲမှုကကောင်းသည့်အရာဖြစ်မဖြစ်ကိုမူ မည်သူကမျှ အာမခံပေးနိုင်မည်မဟုတ်။

သူ၏ကြိုမြင်သိမြင်ထားမှုကိုပြောင်းလဲလိုက်လျှင် ကုဟွိုက်ကသူ့အစားသေဆုံးရမည်ဖြစ်ပြီး အိုင်းယီကသူ့ကိုယ်သူဘယ်တော့မှခွင့်လွှတ်နိုင်တော့မည်မဟုတ်ပေ။ တစ်သန်းပုံမှတစ်ပုံသာဖြစ်ခဲ့လျှင်ပင် အိုင်းယီမှာလောင်းကြေးမထပ်နိုင်။

သို့ဖြစ်၍ အရာအားလုံးကစီစဉ်ထားသည့်အတိုင်းဖြစ်ပျက်ခဲ့သည်။ အနာဂတ်တွင်သူသေဆုံးရမည်မှာ သေချာနေစေကာမူ အိုင်းယီမှာအချိန်ကိုက်မဖြစ်မည်ကိုပင် ပို၍စိုးရိမ်နေမိလေ၏။ ထိုအချိန်မှသာ သူသည် အကြောက်တရားမှလွတ်မြောက်နိုင်ပေမည်။

အဆုံး၌ နှေးကွေးလေးလံနေခဲ့သည့်စက္ကန့်မှာ အရှေ့သို့ရွေ့လျားလာခဲ့သည်။ ကျယ်လောင်လှသောပေါက်ကွဲသံနှင့် နားစည်အိမ်ကိုပင်ကွဲအက်သွားစေလောက်မည့် စူးစူးဝါးဝါးအော်မြည်သံတို့၏အလယ် အလင်းရောင်ကိုဖြိုဖျက်လျက်ပေါ်ထွက်လာခဲ့သော ကြီးမားလှသည့်အာကာသသက်ရှိ၏ သံကဲ့သို့မာကြောလှသည့်အခွံပေါ်မှာ နက်ရှိုင်းသောအက်ကွဲရာဖြစ်လာချေပြီ။

ဇက်စစ်သည်တော်တို့သည်ကား နာကျင်မှုကိုလျစ်လျုရှုထားနိုင်၏။ ချက်ချင်းပင် တကိုယ်လုံးကိုအက်ကြောင်းရာကဖုံးလွှမ်းသွားခဲ့ပြီး အာကာသသက်ရှိကြီး၏ အင်မတန်ကြံ့ခိုင်သောကိုယ်မှာ အပြင်းအထန်ထိခိုက်လာလေသည်။

[အရှင်မင်းကြီး....]

အိုင်းယီသည် သတိကပ်နေစဉ်အတွင်း ခေါ်လိုက်မိပြီး နောက်ဆုံးစကားအားပြောရမည့်အချိန်ရောက်ကာမှ ထိုအချိန်လေးအတွင်းဘာပြောရမည်မှန်းမသိပါချေ။

သူ ဆောင်းရာသီမှ နှင်းရုပ်လေးအကြောင်းပြောပြချင်သည်။ သူမရှိတော့လျှင်ပင် ကုဟွိုက်ကသူ့အတွက် နှင်းရုပ်လေးလုပ်ပေးရန်မျှော်လင့်မိပါ၏။ တူဆာပေါ်မှ ပန်းများအကြောင်းကိုလည်းပြောပြချင်သည်။ ဆောင်းရာသီတွင် ကုဟွိုက်ကသူ့အစားနှင်းရုပ်လေးလုပ်ပေးခဲ့လျှင် နှင်းရုပ်လေးလည်း တူဆာ၏ဆောင်းတွင်းပွင့်သောပန်းလေးများကိုကြည့်နိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် သူလည်း၎င်းတို့ကိုကြည့်နိုင်ပေမည်။

ငါ လူသားမဟုတ်တော့ဘူး [ Completed ]Where stories live. Discover now