မြတ်မျက်နှာကွက်ခနဲ့ပျက်သွားသည်။ ပန်ပန်ကသူမကိုနာကြည်းနေသည့်မျက်လုံးတွေနှင့်ကြည့်လာရင်း

"ငါလည်းလာချင်လွန်းလို့လာတယ်မထင်နဲ့ အမေကနင့်ကိုလက်ဖွဲ့ပေးခိုင်းလိုက်လို့ပဲ ရော့.."

"အမေ့"

ပန်ပန်ကပစ္စည်းတစ်ခုကိုပစ်ပေါက်ပေးလိုက်သဖြင့် မြတ်ကပျာကယာလှမ်းဖမ်းလိုက်ရသည်။ ပန်ပန့်အပြုအမူကြောင့် လှမ်းအကဲခတ်ကြည့်နေသည့်ထင်ကျော်က အနားသို့ဖျပ်ခနဲ့ရောက်လာပြီး

"ဟေ့.. မင်းဘယ်လိုလုပ်လိုက်တာလဲ"

"ပစ္စည်းပေးလိုက်တာလေ မမြင်ဘူးလား"

"ကောင်းကောင်းမွန်မွန်ပေးလို့ရတာပဲလေ"

"မပေးချင်လို့ပေါ့..."

"မင်း..."

ပန်ပန်သူ့ကိုလုံးဝဥပေက္ခာပြုပြီး မြတ်ကိုသာစူးစူးရဲရဲကြည့်နေလျက်

"ဒါအမေ့ရဲ့လက်ဖွဲ့ပဲ.. အမေကသူ့မှာရှိသမျှပိုက်ဆံနဲ့နင့်အတွက်ဆွဲကြိုးလုပ်ပေးခဲ့တာမို့ မင်္ဂလာပွဲမလာရရင်တောင် နင့်လက်ထဲအရောက်ပို့ခိုင်းတာ"

မြတ် ကတ္တီပါဘူးလေးကိုဖွင့်ကြည့်လိုက်သည်။ အမေ့ချွေးနည်းစားဖြင့်ဝယ်ထားသည့်ရွှေဆွဲကြိုးလေးက သူမကိုလှောင်ပြောင်နေသလိုပင် ခံစားရပါသည်။ ဝမ်းနည်းခြင်းတွေနှင့်အတူ ရှက်ရွဲ့မိခြင်းတို့ကလည်းရင်ထဲတနင့်နင့်။

"တကယ်က နင့်လည်းပင်မှာ သူဆွဲပေးချင်ခဲ့တာ.. ဒါပေမဲ့ မလိုတော့ဘူးထင်တယ် နင့်မှာဆွဲထားရမဲ့စိန်ဆွဲကြိုးကြီးရှိနေပြီပဲ အမေ့လည်ဆွဲကနင့်အတွက်မက်မောစရာမရှိတော့ပါဘူး"

သူမလည်ပင်းကစိန်ဆွဲကြိုးကိုကြည့်ပြီး ပန်ပန်မဲ့ကာဆိုလိုက်တော့ မြတ်မျက်နှာပျက်ပျက်နှင့်

"မဟုတ်ပါဘူးပန်ပန်ရယ် အမေ့လက်ဖွဲ့ပစ္စည်းကို ငါတန်ဖိုးထားပါတယ် ဒီလိုလုပ်ပါလားဟင် ညနေကျရင်ငါအမေ့ကိုလာတွေ့မယ် ငါတို့တစ်ခုခုသွားစားကြတာပေါ့နော်"

"နင်ကဘယ်မျက်နှာနဲ့အမေ့ကိုလာတွေ့ဖို့ ပြောရဲတာလဲ အားမနာဘူးလား"

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now