ကြီးကြပ်ရေးမှူးက ကိုယ်ပိုင်ကွန်ပျုတာမှတဆင့်ပြောလိုက်ပေ၏။

"ဒီကို အခုချက်ချင်းဆေးအဖွဲ့လွှတ်လိုက်.."

အလ်ဗ်က ၎င်း၏အမြှီးကိုကုဟွိုက်အပေါ်တွင်ပတ်ထားလျက် ဖြည်းဖြည်းချင်းတင်းလိုက်သည်။

"မလိုဘူး...သူတို့လာနေပြီ.."

သူသိသိချင်းမှာပင် အမြန်ဆုံး ဆေးအဖွဲ့ကိုခေါ်ခဲ့သည်။ အလ်ဗ်၏အခြေအနေမှာ ချောက်ကမ်းပါးအစွန်းသို့တွန်းပို့ခံနေရသလိုဖြစ်နေသော်လည်း အကျိုးအကြောင်းသင့်စွာစဉ်းစားနိုင်ခဲ့သည်။

အလ်ဗ်သည် ကုဟွိုက်အားပွေ့ချီကာ သူ့အခန်းထဲမှအိပ်ရာပေါ်သို့ခေါ်သွားခဲ့ပြီး ဆေးအဖွဲ့ကလည်းအမြန်ဆုံးရောက်လာခဲ့သည်။ ဇက်အုပ်စု၏အလျင်စလိုဖြစ်နေသောအကြည့်များအောက်တွင်ပင် ဆရာဝန်သည် ကုဟွိုက်ခန္ဓာကိုယ်ကိုတနေရာမှမချန်ဘဲ အသေးစိတ်စစ်ဆေးခဲ့သည်။

သို့သော် ရလဒ်မှာသိပ်မကောင်းနေပေ။

"အရှင့်ရဲ့ခန္ဓာကိုယ်အခြေအနေကပုံမှန်ပါပဲ၊ ကိရိယာတွေအကုန်လုံးကလည်း ကျန်းမာနေတယ်ဆိုတာကိုပြနေတယ်..."

စစ်ဆေးရေးတာဝန်ကိုယူထားရသောဇက်တို့မှာ စိုးရိမ်စိတ်ကြောင့် မျက်နှာပျက်နေကြလေ၏။

"ရုတ်တရက်မေ့လဲသွားရတဲ့အကြောင်းအရင်းကိုတော့ ကျွန်တော်လည်းရှာမတွေ့ဘူး..."

ခန္ဓာကိုယ်ကိုစစ်ဆေးပြီးနောက် ရလာသောအဖြေက သောကရောက်နေသောဇက်တို့ကို လောင်စာထပ်ဖြည့်လိုက်သလိုပင်။ တစ်ယောက်ပြီးတစ်ယောက် အိပ်ရာပေါ်တွင်လှဲလျောင်းနေသောလူငယ်လေးကိုကြည့်နေကြရင်း မျက်နှာထားများတင်းမာလာကြသည်။ အထူးသဖြင့် ဖြူဖျော့နေသောကုဟွိုက်၏မျက်နှာကိုမြင်ကြသည်နှင့် နာကျင်မှုကိုတွေ့ကြုံရပြီး ဝန်းရံနေသောဇက်တို့၏နှလုံးသားမှာ ပို၍လေးလံလာရပေသည်။

"ဒီတော့ ဘာလုပ်ကြမလဲ..."

စီမိုဒို၏ ခက်ထန်နေတတ်သောမျက်နှာမှာ စိုးရိမ်မှုကြောင့် အုံ့မှိုင်းနေသည်။

အိုင်းယီ၏ ပုံမှန်ထက်အလင်းရောင်များထွက်နေတတ်သောရွှေရောင်မျက်လုံးအိမ်များမှာ တခဏမျှ ထင်ယောင်ထင်မှားဖြစ်သွားရသယောင်။ ၎င်းမှာ ဇက်တို့အားလုံးထဲတွင်အတည်ငြိမ်ဆုံးဖြစ်နိုင်လောက်သည်။

ငါ လူသားမဟုတ်တော့ဘူး [ Completed ]Where stories live. Discover now