လူတိုင်းမှာ လုပ်လေ့လုပ်ထရှိတဲ့ ကိုယ်ပိုင်အကျင့်စရိုက်သေးသေးလေးတွေရှိတယ်။တခြားသူ သတိထားမိတာမျိုးလည်းဖြစ်နိုင်သလို၊ သာမန်ကာလျှံကာမျိုးလည်း ဖြစ်နိုင်တာပေါ့။ဥပမာ သူ့အမျိုးသားလေး တူကိုင်ပုံကိုပဲကြည့်။လက်ခလယ်လေး ထင်းထင်းကလေးကွေးတက်တဲ့အထိ တူကိုကိုင်လေ့ရှိတာမျိုးလေ။

ခါတိုင်းဆို ရိပေါ်က သူ့အမျိုးသားလေးကို မျက်လုံးချင်းစေ့ဆုံအောင် မကြည့်ဖြစ်ခဲ့ဘူး။သူတို့ ရံဖန်ရံခါ ထမင်းလက်ဆုံစားဖြစ်တဲ့အခါမျိုးမှာတောင် လက်ဖျားကလေးလောက်ပဲ ငေးမိတာရယ်။ ဒါကြောင့်လည်း ဒီလက်ချောင်းနုနုကလေးတွေရဲ့ အနေအထားနဲ့ လှုပ်ရှားပုံတွေကို မှတ်မိနေတာပဲဖြစ်တယ်။ ဒီလိုနဲ့ပဲ သူ့သံသယတွေဟာလည်း ကွာကျသွားတော့တာပါပဲ။

"ခင်ဗျားကျ ဘာလို့မစားတာလဲ"

ရုတ်တရက် အသံသေးသေးလေးထွက်လာတာမို့ ရိပေါ် တဒင်္ဂတော့ကြောင်အ သွားရတယ်။အမျိုးသားကလေးက မျက်လုံးချင်းဆုံအောင်မကြည့်ဘဲ မြုံ့မြုံ့ဝါးရင်း ပြောလာတာပဲဖြစ်ပါတယ်။ခဏနေတော့မှ သူလည်း သတိဝင်သွားရပြီး...

"ကိုယ် သိုလှောင်ရုံမှာစားခဲ့တယ်"

"သိုလှောင်ရုံ! "

"အင်း...မြစ်ဝါမြစ်ကမ်းဘေးမှာ ကိုယ်တို့ ကုန်စည်သိုလှောင်ရုံတွေရှိတယ်လေ..."

ရိပေါ် စကားဆုံးတော့ အမျိုးသားလေးက ငြိမ်ကျသွားလေရဲ့။ဘာတွေတွေးတောနေတယ်မသိ။ဝါးလက်စကို ဆက်မဝါးတော့တာမို့ ပါးစုန့်ကလေးဆို လုံးတက်နေရောပဲ။ရိပေါ်တောင် အပြေးအလွှားတွေးမိပါသေးရဲ့။ သူလေး တစ်ခုခုများ သတိရသွားလေသလားဆိုပြီးပေါ့။ သိုလှောင်ရုံတွေနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်မျိုးဖြစ်ဖြစ် မြစ်ဝါမြစ်နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်မျိုးဖြစ်ဖြစ်။

ဒါပေမဲ့ အမျိုးသားလေးပုံစံက ရိပေါ်ထင်သလိုမျိုး ဟုတ်မနေဘဲ ဒီတိုင်း ဘာမှမဝါးဘဲ ငြိမ်ချက်သားကောင်းနေရုံမို့ နောက်ဆုံးတော့ အစားကောင်းကောင်းစားဖို့ကိုသာ သူ့မှာ တိုက်တွန်းလိုက်ရတော့တာပါပဲ။

"လျှောက်စဉ်းစားမနေဘဲ သေချာဝါး "

အခုမှသာ လှုပ်လှုပ်ရှားရှားပြန်ဖြစ်သွားတဲ့ အမျိုးသားလေးက မျက်လွှာပင့်ကြည့်လာတယ်။ မျက်ဝန်းလဲ့လဲ့ရွှန်းရွှန်းတွေနဲ့ဆုံချိန်မှာတော့ ရိပေါ် ရင်ထဲဒုတ်ခနဲ။သူအထွေအထူးမစဉ်းစားနိုင်သေးခင်မှာပဲ အမျိုးသားလေးတစ်ယောက် ပလုတ်ပလောင်းသံလေး​နဲ့ မေးလာတာက...

ғʀᴏᴍ ɴᴏᴡ ᴏɴ (Oɴɢᴏɪɴɢ)Where stories live. Discover now