"ပြန်အိပ်လိုက်ဦးလေ၊ သား နိုးလာရင် နေ့လယ်စာ တူတူစားရအောင်"

ရိပ် မျက်လုံးမှိတ်ထားလိုက်၏။ ခေါင်းတောင်မညိတ်ပြလိုက်မိဘူးထင်၏။ ငယ်ငယ်ကတည်းက အဖေ အဖိုးတွေနဲ့ နီးနီးကပ်ကပ် မနေခဲ့ရသူမို့ သူ ကိုကို့အဖေနဲ့လည်း ဘယ်လိုမှ အဆင်ပြေအောင် မနေတတ်သလိုပင်။ သို့သော် သူ ရှစ်နှစ်လုံး ကိုကို့အသိုင်းအဝိုင်းပေါ် အေးတိအေးစက် ဆက်ဆံမိသော်လည်း ကိုကို့မိဘတွေကတော့ သူ့အပေါ် နွေးထွေးစွာ ဆက်ဆံကြတာကို သူ့နှလုံးသားထဲကနေပါ ခံစားမိသည်။

ရိပ် ဖြည်းဖြည်းချင်း အိပ်ပျော်သွား၏။

သူ ပြန်နိုးလာချိန်၌ သားတွေအခန်းဖက်က‌နေ ဒုန်းဒိုင်း အုန်းဒိုင်း အသံတွေကြားလိုက်ရသည်။ ပြေးကြည့်စရာမလို၊ ဒီနေ့က ကျောင်းပိတ်ရက်မို့ ထိုမျောက်ကလေးသုံးကောင် ဆော့နေကြတာပဲ ဖြစ်မည်ပင်။

ရိပ် အခန်းပြင်ထွက်လာ၏။ နေ့လယ်စာ စားချိန်‌ ရောက်ခါနီးမှပဲ သူ ပြန်နိုးလာခဲ့တာဖြစ်သည်။ အခန်းပြင်၌ သားတွေ၏ အခန်းရှေ့၌ ကိုကို ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။ ဟိုတယ်လုပ်ငန်းတွေကို သူပဲ ဦးစီးနေတာဖြစ်သော်လည်း သမီးကို လွယ်ထားရချိန်မှာတော့ သူ ကိုကို့ကို ခဏပြန်လွှဲပေးထားရသည်။

တဖြည်းဖြည်းနှင့် တအား သောင်းကျန်းလာသည့် သားတွေကြောင့် တေဇ စာရိုက်နေရင်းနဲ့သာ အခန်းထဲက မျောက်သုံးကောင်ကို လှမ်းဆူနေရသည်။

"ဖြည်းဖြည်းဆော့ကြလေ၊ ပါးပါး အိပ်နေတာကို"

ကိုကို သူ့ကို မမြင်။ ရိပ် သားတွေအခန်းဖက်သို့ ကူးလာခဲ့ပြီး သားတွေကို လှမ်းကြည့်လိုက်၏။

"သြော်၊ ရိပ် နိုးပြီလား၊ ကလေးတွေ ဆူနေလို့ လန့်နိုးသွားတာလား"

တေဇ ချက်ချင်းထလာပြီး ရိပ်နား ရောက်လာကာ ကပ်မေးလိုက်ရသည်။ သူ့အမျိုးသားလေးက ကလေးလွယ်ထားရချိန်ဆိုလျှင် အရင်လို မဟုတ်တော့ဘဲ အသည်းငယ်သွားတတ်သူဖြစ်သည်။ အလွယ်တကူ လန့်လန့်နေတတ်သည်။

"ဟင့်အင်း၊ ကျွန်တော် သားတွေဆူနေတာတောင် မကြားမိတဲ့အထိကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ၊ သမီးက ညကလို မကန်တော့ဘူး၊ အခုမှ အိပ်လို့ရတော့တယ်"

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now