👑

ကိုယ်ရံတော် ဒိုက သူနေထိုင်ရာ နန်းဆောင်ဆီပြန်သွားပြီး သူသွားလေရာ သယ်ဆောင်သွားရန် လိုအပ်သော ပုဝါစလေးကို ဝတ်ရုံအတွင်းထဲထည့်ကာ သိမ်းလိုက်သည်။ ဒါက သူ့မိဘတွေဆီကကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အမှတ်တရပစ္စည်းဖြစ်သည်။ လန် ဘုရင်ရဲ့ကိုယ်ရံတော်ဖြစ်ခဲ့တဲ့ သူ့ဖခင်က ဘုရင်မင်းမြတ်ကို ရန်မူသူအချို့ထံမှ ကာကွယ်ရင်း ဓားရှပ်ထိတော့ သူ့မိခင်က ဓားဒဏ်ရာကို သွေးတိတ်စေရန် စည်းပေးခဲ့သော ပုဝါစလေးဖြစ်သည်။ သူတစ်ယောက်တည်းရပ်တည်ရချိန်မှာ မိဘတွေဆီက အမွေဆိုလို့ ဒီပုဝါစလေးရယ်၊ လန်နိုင်ငံအပေါ်ထားတဲ့ သစ္စာတရားရယ်သာ ကျန်ရစ်ခဲ့သည်။ ဂျောင်ဆူးက သူအခစားဝင်ရသည့် မင်းသမီး ဆူမြောင်ကို ငယ်သံယောဇဉ်ကြောင့် ပိုသာ၍ ဂရုစိုက်မိသလို သခင်တစ်ယောက်လို စိတ်နှင့်လည်း သစ္စာစောင့်သိသည်။ မည်မျှပင်သေးငယ်သိမ်နုတ်သည့်အရာဖြစ်ပါစေ မင်းသမီး အလိုရှိလာလျှင်ယူပေးရမှာ သူ့တာဝန်ဖြစ်သလို မည်မျှပင်ခမ်းနားကြီးကျယ်သည့်အရာဖြစ်နေပါစေ မင်းသမီး မလိုချင်လျှင် ဖယ်ရှားပေးရမှာကလည်း သူ့တာဝန်ဖြစ်နေပြန်သည်။ လန် ဘုရင်မင်းမြတ်၏ အခြေအနေကိုလည်း နားလည်သလို မင်းသမီးဆူမြောင်၏ အခက်အခဲကိုလည်း နားလည်စွာ သူတတ်နိုင်သည့်ဘက်က ကူညီရန် စဉ်းစားခဲ့ပြီး နောက်ဆုံးရသည့်အဖြေက လူစားထိုးရန်ဖြစ်သည်။

ချန်း နိုင်ငံက မင်းသားအနေနှင့် လန် နိုင်ငံသွေးကို မဖြစ်မနေ သူ့တိုင်းပြည်သို့ အပါခေါ်မည်ဖြစ်ကြောင်း သူသိထားသည်။ နန်းသွေးများအရေးကြီးသည့်ကိစ္စလုပ်ဆောင်ချိန်တွင် ဗေဒင်ကိန်းခန်း နက္ခတ်နှင့် နတ်ဆရာအဟောများကို လိုက်နာကြကြောင်းလည်း သူသိထားသည်။ ထို့ကြောင့် မင်းသားချန်းယောလ်က ဒီနိုင်ငံကို ဟောကိန်းတစ်ခုကြောင့်ရောက်လာတာဖြစ်ကြောင်းလည်း သူရိပ်မိထားပြီးသားဖြစ်သည်။ ချန်းနိုင်ငံက အရှင်မြတ်ရဲ့ ကျန်းမာရေးချို့ယွင်းမှုနှင့် နန်းတက်မင်းသား ရွေးချယ်ရန် အခက်အခဲဖြစ်နေကြောင်းသတင်းမှာ သူတို့တိုင်းပြည်ထိ တစ်ဟုတ်ထိုး ပြန့်နှံ့လာခဲ့သောကြောင့် ထိုအရာများကိုလည်း သူသိထားပြီးသားဖြစ်သည်။ နန်းသွေးအတွက် အရေးကြီးသည့် ကြင်ယာတော်ကိုရွေးချယ်ရာတွင် သူနှင့်ကံဇာတာချင်းကိုက်ညီသည့် မိတ်ဖက်၊ ရတနာမှန်မှသာ လက်ဆက်နိုင်မည်ဖြစ်သည်။ ဒိုဂျောင်ဆူးက မင်းသားချန်းယောလ်၏ တစ်ခုတည်းသော သဘောအတိုင်း လန် နိုင်ငံသွေးကို အပါခေါ်သွားနိုင်ရန် သူအစားထိုးဝင်ရောက်နိုင်ပါသည်။ လန် နိုင်ငံသွေးကို အပါခေါ်ဆောင်နိုင်သောကြောင့် မင်းသားသည် သူပေးခဲ့သော ကတိများကို တည်ရပါလိမ့်မည်။ သူတို့ချင်း ကံဇာတာ မကိုက်ညီခဲ့ပါလျှင် သူက မင်းသား ချန်းယောလ်အနားကနေ အဝေးကိုလွင့်စင်ရန် အကြောင်းဖန်လာပါလိမ့်မည်။

THE EMPRESSWhere stories live. Discover now