သူတို့သည် အိမ်ထဲရှိ ပရိဘောဂများအား အသုံးပြုကာ ဇွန်ဘီများ အချိန်တိုအတွင်း ချိုးဖြတ်ဝင်ရောက်နိုင်ခြင်း မရှိစေရန် တံခါးများ ပြတင်းပေါက်များကို တားဆီးပိတ်ပင်ထားကြသည်။ သို့သော်လည်း နေထွက်လာသည်နှင့်အမျှ ဆာလောင်လာပြီး ဇွန်ဘီများ ဝိုင်းထားသည့် ဗလာအခန်းထဲတွင် အချိန်ကြာမြင့်စွာ ဆက်နေရန် မဖြစ်တော့ချေ။

အနှေးနှင့်အမြန် သေဆုံးသွားကြပေမည်။

ထိုအတွေး ဝင်လာချိန်တွင် လင်းကောဟိုင်သည် ခေါင်းမော့လိုက်ပြီး ဇနီးဖြစ်သူ လင်းမိန်ကျွမ့်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦး မတ်တတ်ရပ်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လူငယ်နှစ်ဦးထံ အမူအရာမဲ့စွာဖြင့် လျှောက်သွားကြသည်။

လူငယ်နှစ်ဦးသည် ထိုစုံတွဲ၏ အပြုအမူကိုကြည့်ရင်း မသင်္ကာဖွယ်ကောင်းသည်ဟု ခံစားမိသဖြင့် သတိအပြည့်ဖြင့် မတ်တတ်ရပ်လိုက်ကြသည်။

“ခင်ဗျားတို့ ဘာလိုချင်လို့လဲ..”

“စိတ်မကောင်းပါဘူး..”

ထိုသို့ပြောရင်း လင်းကောဟိုင်တို့နှစ်ဦးသည် လူငယ်နှစ်ဦးထံသို့ တန်းတန်းမတ်မတ် ပြေးသွားကြပြီး လူလေးဦး အချင်းချင်း တိုက်ခိုက်ကြလေသည်။

သို့သော်လည်း ဆာလောင်နေသည့်တိုင် လူငယ်နှစ်ဦးမှာ လင်းကောဟိုင်တို့ နှစ်ဦးထက် ပိုမိုကြံ့ခိုင်နေဆဲဖြစ်သဖြင့် လွယ်လင့်တကူ အနိုင်ယူနိုင်ခြင်း မရှိချေ။ များမကြာမီတွင် လင်းကောဟိုင်တို့နှစ်ဦး အရေးနိမ့်လာသည်။

လူငယ်နှစ်ဦးသည် ဟောဟဲလိုက်ရင်း လင်းကောဟိုင်တို့နှစ်ဦးအား ဖိနှိပ်ထားရင်း ပါးစပ်မှ ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြသည်။ သူတို့၏ နောက်ကျောမှ ချဉ်းကပ်လာသည့် အန္တရာယ်အား လုံးလုံးလျားလျား သတိမပြုမိကြချေ။

ထောင့်ထဲတွင်နေရင်း စောင့်ကြည့်နေသည့် ဝတုတ်လေးသည် သူ၏လက်ထဲတွင် ဓားမြှောင်နှစ်ချောင်းအားကိုင်ကာ အသံတိတ် ချဉ်းကပ်လာသည်။ အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိဘဲနှင့် လူငယ်နှစ်ဦး၏ နောက်ကျောအား ဓားမြှောင်ဖြင့် ထိုးစိုက်လိုက်လေသည်။

  ဟမ်းစတားလေး ဝူယိ (ဘာသာပြန်)Where stories live. Discover now