"ငါနဲ့အတူ နေ့လည်စာစားချင်တာမဟုတ်လား....ရတယ်လေ....အတူတူသွားရအောင်"

ဟယ်စုန့်နန်က မကျေနပ်သလို နှာမှုတ်လိုက်ပေမယ့် ထပ်မံအထွန့်တတ်ခြင်းတော့မရှိတော့ပေ။ အစတည်းက ဟယ်စုန့်နန်မှာ တစ်ခုခုဆိုစိတ်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်းပြောဆိုတတ်ကြောင်းတစ်ခန်းလုံးသိကြသည်။ ထိုအကျင့်ကြောင့်ပဲ ရှဲ့ယန်ကလွဲရင် ရင်းရင်းနှီးနှီးအပေါင်းအသင်းမျိုးသိပ်မရှိတာဖြစ်သည်။ ဤအကြောင်းပြချက်ကြောင့် ဟယ်စုန့်နန်၏စကားတွေကို မည်သူမှထွေထွေထူးထူးမတွေးကြပေ။ အရေးကြီးဆုံးက ဟယ်စုန့်နန်ပြောတာမှန်သည်။

အခုမှပေါ်လာသည့် သားအရင်းဖြစ်သူမှာ လောလောလတ်လတ်လေးတင် မွေးစားသားဖြစ်မှန်းသိလိုက်ရသူအနား နီးနီးကပ်ကပ်သွားလာနေခြင်းက တစ်ဖက်လူကိုစိတ်အနှောင့်အယှက်ဖြစ်စေရုံအပြင် ဘာထူးခြားသွားမှာလဲ။ ရှဲ့ယန်နေရာမှာ သူတို့ဆိုရင် အော်ကြီးဟစ်ကျယ်နဲ့ ပွဲဖြစ်နေလောက်ပြီ။

တစ်မူထူးခြားစွာဖြင့် ကျန်းလီဟွေးဟာ သူ့စိတ်ထဲသိပ်မကျေနပ်သော်လည်း အတွေ့အကြုံရှိသူတစ်ဦးပီပီ စိတ်ရှည်လှသည်။ ဒီလိုနဲ့သုံးယောက်သား ဘေးချင်းယှဥ်လျှောက်ရင်း ဟယ်စုန့်နန်နဲ့ ကျန်းလီဟွေးတို့နှစ်ယောက်ကြားတွင် ရှောင်ကျန့်မှာ ရည်ရွယ်ချက်ရှိရှိ ကြားဖြတ်ဝင်ရောက်ထား၏။ မဟုတ်ရင် ဟယ်စုန့်နန်၏ ဆတ်ဆတ်ထိမခံ အကျင့်စရိုက်အရ ကျန်းလီဟွေးနှင့်တစ်ခုမဟုတ် တစ်ခုပြဿနာဖြစ်ပေလိမ့်မည်။

ကျန်းလီဟွေး၏ မျက်လုံးတွေမှာ အကြံအစည်တစ်မျိုးဖြင့် စိမ်းလဲ့လဲ့တောက်ပနေ၏။ အပြစ်ကင်းဖြူစင်သော မျက်နှာလေးနဲ့ ရှောင်ကျန့်ဘက်ခေါင်းလှည့်လိုက်သည်။

"ရှဲ့ယန်က ရှဲ့အိမ်တော်မှာ နှစ်တွေအကြာကြီးနေခဲ့ဖူးတာဆိုတော့ အမေ့မျက်နှာကိုမြင်ခဲ့ဖူးမှာပေါ့နော်...."

ရှောင်ကျန့်မျက်ခုံးပင့်လိုက်သည်။ ဒီတစ်ခေါက်ဗျူဟာက ဒေါသမထွက်ထွက်အောင် လာစွတာများလား။ ကျန်းလီဟွေးက အတိတ်ကိုလွမ်းဆွတ်တမ်းတနေဟန်ဖြင့် မျက်နှာလေးကိုငယ်ချလိုက်သည်။

system 091 (Book 2)Where stories live. Discover now