"ရိပ်!"

တေဇ၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ဆတ်ခနဲ ကုန်းထလိုက်ကာ အိပ်မက်နှင့်လက်တွေ့ မကွဲသေးတာမို့ သူ့နှလုံးတွေ တဒိုင်းဒိုင်းခုန်လျက်ရှိသည်။ အသက်ရှူ‌နှုန်းတွေ အလွန်မြန်လျက်ရှိကာ ချွေးများပင် ရွှဲနေ၏။ ညရှစ်နာရီသာ ရှိသေးတာမို့ ရိပ် လာမအိပ်သေးပုံပင်။ ‌တေဇ ကုတင်အောက် ချက်ချင်းဆင်းလိုက်ပြီး ရိပ်ရှိရာသို့ အမြန်ပြေးထွက်လာသည်။

"ကိုကို နိုးပြီလား၊ ကိုကို ညစာလည်း မစားဘဲ အစောကြီး ဝင်အိပ်နေတာနဲ့ နေလို့မကောင်း ဖြစ်နေတယ် ထင်လို့ ကျွန်တော် ကိုကို့အတွက် စွပ်ပြုတ်ချက်ပေး. ."

ရိပ်၏လက်ထဲက ဟင်းရည်အိုးမွှေနေသည့် ဇွန်းပင် ကြမ်းပြင်ပေါ်သို့ ချွင်ခနဲ ပြုတ်ကျသွားသည်။ ကိုကို သူ့အား တင်းကြပ်စွာ ဖြစ်ညှစ်ဖက်တွယ်ထားတာမို့ ကိုကိုနဲ့ သူ့ကြားက သူ့ဗိုက်ပင် အင့်ခနဲ ဖြစ်သွားရသေးသည်။

"ကိုကို ရိပ်နားမှာပဲ အကြာကြီးနေချင်တယ်၊ ရိပ် ကိုကို့နားမှာ အကြာကြီး ရှိနေအောင် ဘာလုပ်ရမလဲ မသိတော့ဘူး၊ အချိန်တွေ ‌ရွေ့နေတာကိုတောင် ကြောက်တယ်၊ မျက်လုံးဖွင့်လိုက်ရင် တစ်ရက်ထပ်ကုန်သွားတာ မုန်းတယ်"

ရိပ်၏ ခန္ဓာကိုယ်အတွင်းပိုင်းတစ်လျှောက်လုံး၌ စူးအောင့်မှုများ ဖြတ်ပြေးသွားသည်။ ကိုကို တစ်ခုခုဖြစ်လျှင် သူ ခံစားနေကျ နာကျင်မှုမျိုး။ ကိုကို့၏နှလုံးက တေဇထံ၌လည်း သက်ဝင်လှုပ်ရှားနေပုံပင်။

ရိပ် သူ့နာကျင်မှုများကို လျစ်လျူရှုလိုက်ကာ ကိုကို့အား ကျောမှ ပွတ်သပ်လိုက်ရင်း-

"ကိုကို နေလို့ကောင်းရဲ့လား၊ အိပ်မက်ဆိုး မက်ပြန်ပြီ ထင်တယ်၊ ဘာမှမဖြစ်ဘူးနော်၊ ကျွန်တော် နေကောင်းပါသေးတယ်"

ရိပ်၏ပခုံးထက်၌ ကိုကို ငိုနေတာကြောင့် စိုစွတ်မှုကို ထိတွေ့ခံစားရသည်။ ကိုကို သူ့အား ပိုပိုဖြစ်ညှစ်ပြီးလည်း ဖက်ထားလာသည်။ ကိုကို အခုရက်ပိုင်း သူ့အပေါ် စိတ်စွဲနေလို့ ထင်၏၊ သူ‌ တစ်ခုခုဖြစ်သွားပြီဟူသည့် အိပ်မက်ဆိုးများသာ ခပ်စိပ်စိပ်မက်နေခဲ့သည်။ ထိုကဲ့သို့ မက်ပြီး နိုးလာတိုင်း ကိုကို အခုလို ငိုတတ်သည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now