အလ်ဗ်ကမျက်လွှာချကာ နူးညံ့သည့်အသံလေးဖြင့်ဆိုလာ၏။

"ဘယ်လိုမျိုးသဘောကျတာက ဒီနေရာကိုနမ်းလို့ရတာလဲ.."

မည်သည့်အရာကိုမှစိတ်ဝင်တစားမရှိတတ်သော အလ်ဗ်၏မျက်နှာကအလေးအနက်ဖြစ်နေသည်ကို မြင်ရသည့်အခါ ကုဟွိုက် တဖက်လူကိုကြည့်နေရာမှ အဝေးကိုအကြည့်လွှဲလိုက်ရသည်။ ထို့နောက်မှ သူရှင်းပြလိုက်၏။

"အဲဒါက ချစ်သူတွေကြားမှာပဲရှိတဲ့ သဘောကျတာမျိုး.."

ကုဟွိုက်သည် အနှီကြောင်ကြီးက သူဆိုလိုချင်သည့် 'ချစ်သူများကြားရှိသဘောကျခြင်းမျိုး' ဟူသော အဓိပ္ပါယ်ကိုနားမလည်နိုင်ဘဲ 'ချစ်သူ' ဆိုသည်မှာ ဘာမှန်းပင်နားလည်မည်မဟုတ်ကြောင်း သိနေသည်။ ထို့ကြောင့် အလ်ဗ်တွေးနေစဉ် ကုဟွိုက်ကဖြည့်ပြောလိုက်၏။

"မင်းငါ့ကိုချစ်တဲ့အချစ်က ဒီလိုမျိုးမဟုတ်ဘူးဆိုတော့ မင်းစီဗာဆီကသင်လို့မရတော့ဘူး..."

ရသမျှအကုန်သင်ယူပြီး သင်သမျှအားလုံးကို ပြန်အသုံးချနေသည်၊ ကုဟွိုက်မှာ ထိုကြောင်ကြီးကို မည်သို့ကယ်တင်ရမည်မှန်းမစဉ်းစားတတ်တော့ချေ။

ကုဟွိုက်အပြောကြောင့် အယ်လ်ဗ်၏နှုတ်ခမ်းအစုံကတင်းတင်းစေ့သွားသည်။

"ဘာလို့ ကျွန်တော်သဘောကျတာက ဒီလိုပုံစံမဟုတ်တာလဲ..."

ကုဟွိုက်ခမျာ ကြောင်တောင်တောင်ဖြစ်သွားပြီး အနှီမေးခွန်းကိုမည်သို့ဖြေရမည်မသိ။ သူမဖြေနိုင်ခဲ့ပေ။ 'ဘာလို့လဲဆိုတော့ ငါအဲဒီလိုမထင်လို့လေ'

ထိုသို့သော စိတ်ထဲမှအလိုလိုပေါ်လာသည့်အဖြေမျိုးက တဖက်လူကိုစိတ်ကျေနပ်စေမည်မဟုတ်။ သို့သော် ကုဟွိုက်မှာ သီအိုရီအရနှင့်ဓမ္မဓိဌာန်ကျသော မည်သည့်ရှင်းပြချက်မျိုးမှမစဉ်းစားတတ်တော့၍တုံဏှိဘာဝေလုပ်နေလိုက်ရသည်။ ကုဟွိုက်၏တိတ်ဆိတ်နေမှုကြောင့် အလ်ဗ်၏နှုတ်ခမ်းများက ပို၍တင်းစေ့လာကာ အနောက်မှအမြှီးမှာလည်း လှုပ်ခတ်လာလေသည်။

အလ်ဗ်သည် ဤသို့သောသဘောကျခြင်းမျိုးက တဖက်လူကိုနမ်းရှိုက်နိုင်သည်ဟု ထင်မြင်ခဲ့သော်လည်း ကုဟွိုက်က ငြင်းဆိုခဲ့သည်။ ကုဟွိုက်သည် အလ်ဗ်ကမမေးမြန်းတော့ဘဲ စိတ်ရှုပ်ထွေးနေသည်ဟုထင်ရသည့်အခါ စကားကိုရှေ့မဆက်တော့ပေ။ ကုဟွိုက်နားမလည်ခဲ့သည့်အချက်မှာ အနှီငွေရောင်ကြောင်ကြီးအား စိတ်ရှုပ်ထွေးသွားအောင်လုပ်ရန် မဖြစ်နိုင်သည်ကိုပင်။

ငါ လူသားမဟုတ်တော့ဘူး [ Completed ]Where stories live. Discover now