တေဇ သူ့မိဘတွေ၏ အဖြေကို မစောင့်တော့ဘဲ ရိပ်ကို လက်ဆွဲပြီး ထွက်လာခဲ့သည်။ သူ အခုလို ရိပ် စိတ်ဆင်းရဲအောင် ဒီအိမ်ကို ခေါ်မလာချင်သော်ငြား သူတို့နှစ်ယောက်၏ဆက်ဆံရေးကို စံအိမ်ကလူတွေ ရှင်းရှင်းလင်းလင်း သိစေချင်တာမို့ အဖိုးနဲ့ အဖေတို့ရှေ့ ရိပ်ကို ခေါ်လာခဲ့ခြင်းဖြစ်သည်။

နေဆက်ပိုင် သူ့အား မျက်ထောင့်နီများဖြင့် ထိုင်ကြည့်နေတာကို တေဇ မျက်နှာလွှဲလိုက်ကာ ရိပ်နဲ့တူတူ စံအိမ်အပြင်သို့ ထွက်လာခဲ့သည်။

"ကျွန်တော် မွေးခါနီးအချိန်မှ ကိုကို လာလို့မရဘူးလား၊ ကျွန်တော် အခုလို ကိုကို့ကို ခေါ်ထုတ်လာရတာ နေဆက်ပိုင်အပေါ် မတရားသလို ခံစားရတယ်။ ကျွန်‌တော့်ကလေးလေးတွေကိုပဲ ကိုကို စောင့်ရှောက်ပေးရင် ကျေနပ်ပြီ"

ကိုကိုက တကယ်ခေါင်းမာ၏။ သူ ပြောတာကို လက်မခံဘဲ သူ့အား အိမ်ခန်းကျယ်တစ်ခုဆီသို့ ခေါ်လာခဲ့ပြီး ထိုနေရာ၌ ထားသည်။

"ရိပ် ဒါလေး မြည်းကြည့်ဦး"

မီးဖိုချောင်ထဲဝင်‌နေသည့် ကိုကို သူ့နားသို့ လျှောက်လာကာ ရှောက်သီးသုတ် သုတ်‌နေတာအား မြည်းခိုင်းသည်။

"အရမ်းချဉ်တယ်"

တေဇ သူကိုယ်တိုင် ထပ်မြည်းကြည့်လိုက်ပြီး ရိပ် ခံတွင်းတွေ့အောင် သူ အစွမ်းကုန်ကြိုးစားပြင်ဆင်လျက်ရှိသည်။ ရိပ်က ဟင်းနံ့ရတိုင်း သိပ်မစားတာမို့ သူ ရိပ် စားဝင်လောက်မည့် အသုတ်ဟင်းမျိုးစုံကို သေချာချက်ကျွေးသည်။ ရိပ် ဘယ်ဟင်းကိုဆို ပိုစားနိုင်လောက်လဲ သူ လေ့လာပြီး မှတ်သားထားသည်။

သူ ရိပ်နဲ့အတူရှိနေတာ တစ်ပတ်ရှိသွားပြီဖြစ်၏။ ရိပ်အား သူ အနပ်တိုင်း သေချာချက်ကျွေးသည့်အပြင် ဘယ်မှလည်း မသွားဘဲ ရိပ်ကိုသာ အချိန်ပြည့် ဂရုစိုက်နေသည်။ ရိပ်နှင့်အတူ ကလေးလေးတွေကို ဘယ်လိုနာမည်ပေးရင်ကောင်းမလဲ တိုင်ပင်နေတတ်သည်။ နာမည်လုနေရင်း ရိပ် သူ့လက်မောင်းတွေကြားထဲ၌ အိပ်ပျော်သွားတတ်သည်။

ရိပ်အတွက် ဒီရက်ပိုင်း‌လေးတွေက ကိုကို့အချစ်တွေကြား ငြိမ်းချမ်းစွာ အိပ်စက်ရပြီး နွေးထွေးစွာ နိုးထခွင့်ရခဲ့သည်။ သူ ဒီရက်ပိုင်းလေးတွေကို အမြဲအမှတ်ရနေမိတော့မှာ သေချာပါ၏။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now