နေဆက်ပိုင် သူ့ဘေးက ကိုကို့လက်မောင်းကို ဆုပ်ကိုင်လိုက်ကာ ကိုကို့ပခုံးပေါ် ခေါင်းမှီလိုက်ရင်း ကိုကို့အား ကြောင်ပေါက်စလေးလို ချွဲနေမိသည်။ ကိုကို့နား ခုလိုကပ်ရဖို့ မလွယ်။ ကလေးရသွားလျှင် ကိုကို သူ့ကို တယုတယဖြစ်နေမည်ဟု ထင်ခဲ့သော်ငြား ကိုကိုက သူ့မှာ ကလေးရှိနေကတည်းက ညဖက်တူတူပင် လာမအိပ်။ သူ့ပထမဆုံးအကြိမ်ကို ကြမ်းမိဖူးတာမို့ ကိုကိုက သူ့အား အားနာသည်ဟု ဆိုသည်။ သူတို့ အတူထပ်နေမိလျှင် ကလေးကို ထိခိုက်မှာလည်း စိုးသည်ဆိုသည့် အကြောင်းပြချက်ဖြင့် သူ့အား အရင်လိုပဲ မထိတွေ့ပြန်ပါပေ။ ပွဲလုပ်ဖို့လည်း မဟလာပြန်တာမို့ သူ တကယ် ဝမ်းနည်းနေမိ၏။

ထိုညက ကိုကို ခွံ့ကျွေးလာသည့် ထမင်းဟင်းအနည်းငယ်ကိုသာ သူ စားနိုင်ခဲ့လေသည်။ အိမ်ပြန်ရောက်လျှင်တော့ ကိုကို့တစ်မိသားစုလုံးက သူ့အား အလွန်ကို ဂရုစိုက်ကြတာမို့ ကလေးလေးလွယ်ထားရသည့် သူ့ဘဝက ဖူးဖူးမှုတ်ခံထားရသည့် ရွှေမင်းသားလေးအလားပင်။

----------------

ရိပ် ပုပ္ပားတောင်ကလပ်ပေါ်သို့ ဖြည်းညှင်းစွာ တစ်ထစ်ချင်းတက်လာသည်။ သူ အလုပ်နားတိုင်း တစ်ယောက်တည်းပဲ ရှိသည့် အိမ်ကလေး၌ မနေချင်။ သူ အလွန်အထီးကျန်သလို ခံစားရတာမို့ ဒီနေ့တော့ ပုပ္ပားတောင်ပေါ်တက်လာခဲ့လေသည်။

အခုရက်ပိုင်း၌ အလုပ်ကြောင့်လား၊ ကလေးလေးကြောင့်လားမသိ၊ သူ ခါးနာနေသည်။ ထို့အတွက် လှေကားထစ်တွေကိုတောင် ခပ်ဖြည်းဖြည်းသာ တက်နေမိ၏။ သူ့တစ်ကိုယ်ရည် အလုပ်များဖြစ်သည့် အဝတ်လျှော်၊ ဟင်းချက်ဖို့ပင် သူ ခက်ခဲစွာ လုပ်နေရသလို ဖြစ်လာသည်။

သေတော့မည့် လက္ခဏာတွေများလားဟု သူ့ကိုယ်သူ ခြောက်ခြားစွာ တွေးနေရင်း တောင်ပေါ်သို့ ရောက်ရှိလာခဲ့၏။

"ကိုကို?"

တေဇ ခေါ်သံကြားရာသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိချိန် သူ အလွန်တွေ့ချင်နေခဲ့သည့် ရိပ်ကို မြင်လိုက်ရသည်။

တေဇ ရိပ်နားသို့ ခြေလှမ်းကျယ်များဖြင့် လျှောက်လာပြီး ဂျာကင်အိတ်ကပ်‌တွေထဲ လက်နှစ်ဖက်ထည့်ကာ ရပ်‌နေသည့် ရိပ်အား ထွေးပွေ့သိုင်းဖက်လိုက်မိသွားသည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now