ရိပ် ကိုကို့အား မူးဝေနေသည့်ကြားမှ ဝမ်းနည်းစွာ လှည့်ကြည့်လိုက်မိရင်း သက်ခွန်းယံ ခေါ်ရာနောက်သို့ ပါသွားရတော့၏။

အိပ်ခန်းထဲသို့ ရောက်ချိန်၌ သက်ခွန်းယံက သူ့အား မူမမှန်သည့် အပြုအမူများ လုပ်မလာခဲ့ဘဲ အိပ်ရာထဲသာ ထည့်ပေးလာပြီး သူ့ခပ်ဝေးဝေး၌ သွားထိုင်နေသည်။

"အိပ်လိုက်ဦး၊ ငါ မင်းကို ဘာမှမလုပ်ပါဘူး"

ရိပ် မျက်လုံးကို မှိတ်ထားပြီး သူ့လက်နှစ်ဖက်သူ ဆုပ်ထားမိသည်။ သူ အခု အလွန်ကြောက်နေပြီး နေလို့မကောင်းတာပဲ သိသည်။

ထိုအချိန်၌ အခန်းတံခါးပွင့်လာတာမို့ သူ ထိတ်လန့်စွာ ခေါင်းထောင်ကြည့်လိုက်ချိန် ကိုကို ပြန်ဝင်လာတာကို တွေ့လိုက်ရသည်။

"ဘာကျန်ခဲ့လို့လဲ"

သက်ခွန်းယံ လှမ်းမေးလိုက်ပြီး တေဇ အခုလို ပြန်ဝင်လာမည်ဆိုတာကို သိနေတာမို့ ရိပ်ကို ဘာမှမလုပ်ဘဲ နေနေသေးတာဖြစ်၏။

"အစည်းအဝေးဖျက်လိုက်ပြီ၊ မင်း ‌ဆေးခန်းသွားရင်သွားတော့၊ ငါပဲ စောင့်လိုက်တော့မယ်"

သက်ခွန်းယံ သူ့ပါးစောင်ကို လျှာဖြင့်ထိုးလိုက်ရင်း မဲ့ပြုံးပြုံးလိုက်မိ၏။ သူ ထရပ်လိုက်ကာ တေဇနှင့် စကားပြိုင်မပြောချင်တာမို့ ခေါင်းညိတ်ပြသည်။ ထို့နောက် အခန်းပြင်ထွက်လာခဲ့ပြီး လာရင်းကိစ္စဖြစ်သည့် နေဆက်ပိုင်နှင့် တွေ့ဖို့အတွက် နေဆက်ပိုင်၏ အဆောင်ဖက်ကိုသာ လျှောက်သွားတော့သည်။

"ရိပ်ကို ကိုယ် ဘာလုပ်ပေးရမလဲ၊ ကိုယ် ဆရာဝန်လည်း ခေါ်ပေးထားတယ်နော်"

တေဇ ရိပ်၏ကုတင်ပေါ် ဝင်ထိုင်လိုက်ပြီး ရိပ်၏ပါးပြင်လေးတွေကို သူ့လက်ဖမိုးဖြင့် ခပ်ဖွဖွစမ်းကြည့်နေမိသည်။ အဖျားတော့ မရှိသော်ငြား ထိုကလေးက လိုတာထက် ဖြူဖျော့လွန်းနေတာမို့ သူ ဆရာဝန်ပါ ခေါ်လိုက်ရခြင်းဖြစ်သည်။ ယံက သွားဆရာဝန်တစ်ယောက်ပေမို့ ယံ့လောက်နဲ့ ရိပ်ကို သူ စိတ်မချနိုင်‌သောကြောင့်ပင်။

"ကျွန်တော့်နားမှာပဲ နေပေးပါ၊ ကျွန်တော် အိပ်နေရင်လည်း ဘေးမှာပဲ ရှိနေပေးပါ"

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now