"အလှမ်းဝေးတဲ့...လမ်းတွေနောက်...မထူးခြားလဲ အရိပ်လို တကောက်ကောက်နဲ့လိုက်...အကြင်နာကိုမျှော်လင့် မင်းသိရဲ့လား တမ်းတမိတယ် ချစ်သူလေးရယ် ...."

စာကျက်သလို မျိုး ခပ်ပြတ်ပြတ်နဲ့ထွက်လာတဲ့ အသံကြောင့် မျှော်လင့်တကြီး နားထောင်နေတဲ့ အဖွားက သူ့ကို ကြည့်ပြီးရှုံ့မဲ့သွားသည် ။

ထိုသည်ကို သတိမထားမိတဲ့ မဏိကတော့ မျက်လုံးကို စုံမှိတ်ကာ သူ့ သီချင်းမှာ သူနစ်မြောနေ၏။အစက မဆိုချင်လို့ငြင်းနေပေမယ့် အခုတော့ဖြင့် ဆိုနေရင်းကနေ သီချင်းပေါ်မှာ စီးမြောနစ်ဝင်သွားပြီးနောက် သူ့ကိုယ်သူ သီချင်း ဆိုပြိုင်ပွဲဝင်နေသူလိုမျိုး ဟန်ပန်အမူအယာ အပြည့်ဖြင့်...

"အသဲလေးများကွဲလဲကိုယ်ခွင့်ပြု မှာ နောက်တစ်ယောက်နဲ့တွဲလဲ ကိုယ်ခွင့်လွှတ်မှာ သူ မသိဘူး ..... အချစ်ဦးမို့ပါ... တကယ်ဆိုရင် ကိုယ်မင်းအတွက် အသက်ဆက်တာ..."

"အဟမ်း...ကိုမဏိ"

ချောင်းဟန့်သံ နဲ့အတူ သူ့နာမည်ကိုခေါ်လိုက်တဲ့အသံ ကြောင့် မဏိ မျက်ဝန်းအစုံကိုဖွင့်လိုက်မိတော့ သူ့ရှေ့မှာ ရယ်ချင်ပက်ကျိ မျက်နှာနဲ့ရှိနေတဲ့ ဆက်နိူင်။

အစောက ခုံမှာအကျအန ထိုင်ပြီး အားပေးမယ်ဆို တဲ့အဖွားကတော့ ဘယ်အချိန်ထဲက သူ့အသံကို လန့်၍ ထ သွားမှန်းမသိလိုက်။

"ကိုမဏိ ဘာစာမေးပွဲ သွားဖြေမလို့လဲဟင်"

မဏိ အရမ်းရှက်မိသွားပေမယ့် သူ့ရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကာ လက်ထဲက ဓာတ်မီး ကို စားပွဲပေါ် အသာ ပြန်တင်ကာ ခပ်တည်တည်အနေအထားဖြင့်...

"ဘာကိုလဲ ဘာစာမေးပွဲ မှ မဖြေပါဘူး"

"မသိဘူးလေ စာတွေကျက်နေလို့ ဒီအသက်အရွယ်ကြီး ရောက်ကာမှ စာမေးပွဲတွေ ဘာတွေများ သွားဖြေမလို့ လားလို့...အဟင်း"

အခုမှ ဆက်နိူင် ပြောချင်တဲ့ရည်ရွယ်ချက်ကို သဘောပေါက်သွားရတာမို့ မဏိ မျက်နှာတစ်ခုလုံး ရှက်စိတ်ကြောင့် ပူထူသွားရသည်။

"မင်းနော်...ငါက အဖွား စိတ်ချမ်းသာအောင် ဆိုပြနေတာ မလှောင်နဲ့"

မေတ္တာခြုံ၍ နွေးပါစေWhere stories live. Discover now