“ကင်မ်ဂျွန်”
အရူးတစ်ယောက်လို ကင်မ်ဂျွန်ကယူရဲ့ နာမည်ကို ခေါ်နေတဲ့ ချွဲချန်မီ။လုံးဝကို ရူးသွပ်ကာ စိတ်ကျန်းမာရေး ဆေးရုံကိုတောင် ပို့ရတဲ့ အဖြစ်ဟာ သိပ်ကို ဆိုးရွားတယ်။ယဉ်ယဉ်လေးနဲ့ ရူးနေသူတစ်ယောက်ဟာ ဆယ်စုနှစ် နှစ်ခုအကြာရောက်တာတောင် ရူးသွပ်မှုက လျော့ကျမသွားပေ။
အသက်တွေက ကြီးလာပြီဖြစ်တာကြောင့် ဒိုယောင်းဟာလည်း ဇရာထောင်းလာပြီဖြစ်သည်။အသက်လေးဆယ့် ငါးနှစ်အရွယ် ဖြစ်တာနှင့်အညီ အရင်ကလို အများကြီး သွက်လက်ခြင်းမရှိတော့။အခုလည်း ချွဲချန်မီရှိရာ စိတ်ကျန်းမာရေး ဆေးရုံကို ရောက်ရှိနေခြင်းသာ။
“ချွဲချန်မီ-”
“ကင်မ်ဂျွန် ပြန်လာလို့ လာခေါ်တာလား။ကင်မ်ဂျွန်ရော ပါမလာဘူးလားဟင်”
ဒိုယောင်း မျက်နှာကို မြင်ဆို ကင်မ်ဂျွန်ကယူကို တန်းမေးတာ ပုံမှန်လို ဖြစ်နေပြီ။အနှစ်နှစ်ဆယ်ကျော်အတွင်း ကင်မ်ဂျွန်ဆိုတဲ့ နာမည်ကိုပဲ မှတ်မိတော့တဲ့ စိတ်ရောဂါဝေဒနာရှင်တစ်ယောက်အနေနဲ့ တစ်ချိန်က သူမဟာ လူနှစ်ယောက်ကို ကားနဲ့ တိုက်သတ်ဖူးတယ်။
“ကင်မ်ဂျွန်က နင့်ကို ပြောလိုက်တယ်-”
“ဘာပြောလိုက်တာလဲ- ကင်မ်ဂျွန်က ဘာပြောလိုက်တာလဲလို့”
“လိမ်လိမ်မာမာနေပြီးတော့ သူငယ်ချင်းတွေနဲ့ ရန်မဖြစ်ရဘူးတဲ့။နောက်တစ်ခါရန်ဖြစ်ရင် ချိုချဉ် ထည့်မပေးဘူးလို့ ပြောလိုက်တယ်”
“ငါရန်ဖြစ်တာ မဟုတ်ဘူး။သူတို့က ငါ့ကင်မ်ဂျွန်ကို ထိတာလေ-ငါသိမ်းထားတဲ့ ကင်မ်ဂျွန့်ဓာတ်ပုံကို သူတို့ဖြဲလို့ ငါလည်ပင်းညှစ်ခဲ့ရုံတင်။အခု ကင်မ်ဂျွန့်ကို ဒီလိုလေးပဲ ကြည့်နေရတော့တယ်”
ကျောင်းဝတ်စုံလေးနဲ့ ဓာတ်ပုံလေးဟာ အနှစ်သုံးဆယ်ကျော်လောက်ဖြစ်နေပြီး ဆေးရောင်ဟာလည်း ဝါးနေကာ တိတ်အကြည်လေးကို ကန့်လန့်ဖြတ်ကာ သုံးခုလောက် ကပ်ထားသည်။ယဉ်ယဉ်လေးပင် ကိုကြီး၏ ဓာတ်ပုံကို ပြုံးကြည့်နေတဲ့ ချွဲချန်မီဟာ ရူးနေတာတောင် အတ္တကို မလျှော့။