“အဆင်ပြေတယ်နော်.. မကြောက်ပါနဲ့ ပေါင်ပေါင်းရယ်.. ဒယ်ဒီက ပေါင်ပေါင်းကို ကာကွယ်ပေးမှာမို့လို့ လူဆိုးတွေက ပေါင်ပေါင်းကို သုတေသနဌာနကို ဖမ်းခေါ်သွားနိုင်မှာ မဟုတ်ပါဘူး..”
ထိုစကားအား ကြားသည့်အခါ မျက်ရည်လည်ရွဲနှင့် ဟမ်းစတားလေးသည် တုံ့ဆိုင်းမှုတစ်ဝက်ဖြင့် နျဲ့ရှောင်၏ အင်္ကျီလက်အတွင်းမှ ခေါင်းကလေး ပြူထွက်လာပြီး ရှဲ့ကျွင်းနှင့် အခြားသူများအား သတိအနေအထားဖြင့် ကြည့်လိုက်သည်။
ရှဲ့ကျွင်းထံသို့ သနားစဖွယ်အကြည့်လေး ရောက်ရှိလာသည့်အခါ သူ၏ ဝိညာဉ်မှာ ကောင်းချီပေးခံလိုက်ရသလိုပင်။ ဟမ်းစတားလေးရှေ့သို့ လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်သည်။
“ရှောင်ဘော့စ်ရေ.. စိတ်မပူပါနဲ့နော်.. ကျွန်တော်တို့ကလည်း ကာကွယ်ပေးမှာပါ.. လူဆိုးတွေ ဖမ်းဖို့ကို လုံးဝ ခွင့်မပြုဘူး.. ကတိပေးတယ်..”
“ဟုတ်တယ်.. ဟုတ်တယ်.. အားလုံး ကတိပေးတယ်..”
အခြားသူများသည်လည်း ပြိုင်တူ ခေါင်းညိတ်လာကြသည်။ သူတို့၏ မျက်လုံးများမှာ တောက်ပနေပြီး နတ်သားလေးထံမှ အကြည့်မခွာနိုင်ဘဲ ရှိနေကြကာ အသက်ရှူဖို့ရန်ပင် မေ့လျော့နေမိကြသည်။
အရမ်းချစ်စရာကောင်းပြီးသား ကောင်ငယ်လေးက ပိုပြီးတောင် ချစ်စရာကောင်းလာဦးမယ်လို့ လုံးဝ ထင်မထားဘူးနော်.. သေတော့မှာပဲ.. အားး အားးး အားးးး
လူတိုင်းထံမှ အာမခံချက် ရရှိလိုက်သော ဟမ်းစတားလေးသည် ချက်ချင်းပင် စိတ်သက်သာရာရပြီး ယုံကြည်စိတ်ချသွားလေသည်။ ရှက်ရွံ့စွာဖြင့် လက်ကလေးအား ဆန့်ကာ ရှဲ့ကျွင်း၏ လက်ချောင်းထိပ်ဖြင့် ထိလိုက်သည်။
“ချိ!”
အဲလိုပဲ ဖြစ်သွားပြီနော်.. ဒီပေါင်ပေါင်းကို လုံးဝ လုံးဝ လိမ်လို့မရဘူးမှတ်..
လက်ကလေးဖြင့် ဖွဖွကလေး ထိပုတ်ခံလိုက်ရသော ရှဲ့ကျွင်းသည် ရုတ်တရက်ဆိုသလို ဒူးများပင် ညွှတ်ခွေကျသွားလေသည်။ ချစ်စရာဆန်မုန့်လုံးလေး၏ ခပ်ဖွဖွထိပုတ်ခံထားရသည့် သူ၏လက်ချောင်းအား ကိုင်ကာ နှလုံးခုန်နှုန်းများပင် မြန်ဆန်လာပြီး အသက်ရှူရ ခက်ခဲလာသည်။
Chapter 31🐹
Start from the beginning