မုဒိတာပန်ဖြစ်နေ၍လား။ ဟုတ်မည်ထင်ပါသည်။ စမြင်မြင်ချင်းကတည်းက အမြင်ကတ်မုန်းတီးခဲ့ရသည့်အထဲ သူ့ဘဝအိပ်မက်တွေကို ဖျက်ဆီးခဲ့သူလည်းဖြစ်နေပြန်တော့ အတော်လေးမျက်မုန်းကျိုးနေခြင်းကာ သိပ်အထူးအဆန်းပင်မဟုတ်တော့ပါ။ မုဒိတာပန်နှင့်ပတ်သက်ပြီး ဘယ်အရာကိုမှလည်းအကောင်းမြင်ပေးနိုင်မည်မဟုတ်ပါ။

တွေးကြည့်လျှင် အတိတ်ဘဝရေစက်ကြောင့်ဟုပဲ ဆိုရပေမည်လား။ မုဒိတာပန်နှင့် ကောင်းခြင်းတည်မြဲတို့လိုအခြေအနေတစ်ရပ်ကြောင့် အပြန်အလှန်မုန်းနေကြခြင်းက ယုတ္တိတန်ပါသေးသည်။ အချို့များဆိုလျှင် ကိုယ်ကဘာမှလည်း မလုပ်ခဲ့ပါဘဲနှင့် ကိုယ့်ကိုအသလွတ်မုန်းတီးနေပြီး အကြောင်းမဲ့လိုက်တိုက်ခိုက်ကြသေးသည်ပဲ။ ရန်ငြိုးရှိဖို့မဆိုထားနှင့်။ စကားပင်မပြောဖူးကြပါဘဲနှင့်

"ငါတော့သူ့ကိုကြည့်မရဘူးဟယ်"

"ဘာလုပ်လုပ်ကို အမြင်ကတ်မိတယ်"

"သူဖြစ်နေလို့ကိုမုန်းတာ ငါ့ကိုဘာမှလုပ်မထားလည်း ဒီအတိုင်းကြီးကိုမုန်းနေတာဟာ"

ဟူသောလူအချို့ကို ကိုယ်ကိုယ်တိုင်၏အနီးပတ်ဝန်းကျင်တွင်တွေ့ဖူးကြသည်ပဲမဟုတ်လား။ ကောင်းခြင်းတည်မြဲနှင့် သူမသည်လည်း ရေစက်ဆိုးတွေရှိခဲ့မည်ထင်ပါသည်။ မျက်နှာချင်းဆိုင်လိုက်သည်နှင့် ရန်စကားတွေသာ ထွက်လာခဲ့သည်။

ဒီနောက်ပိုင်း ပန်ပန်ကသူနှင့်မဆုံနိုင်အောင် တမင်ရှောင်လိုက်ပြီးဆုံဖြစ်လို့စကားများရမည့်ကိစ္စတွေ၌လည်း တတ်နိုင်သမျှကို သည်းခံထားလိုက်သည်။ သဘောကောင်းလွန်းလို့မဟုတ်ပါ။ ရန်ဖြစ်ပြီးစိတ်တိုနေပါက စာလုပ်ရမည့်ကိစ္စ၌ အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် ပြဿနာတွေကိုရှောင်နေခြင်းသာ။

သူစိမ်းကအစ မောင်နှမအရင်းအချာတွေအထိ နှိမ့်ချဆက်ဆံခြင်းကိုခံရလာသည့်အခါ၌ပန်ပန် နာတတ်လာပါသည်။ မခိုးမဝှက်တတ်၊ စိတ်ကောင်းရှိတတ်ရုံနှင့်ပဲ လောကကြီးက ရပ်တည်ဖို့မလွယ်သည်ကို ပန်ပန်နားလည်လာမိ၏။ ပညာတတ်ဖို့ထက် စိတ်စေတနာကောင်းပြီးကိုယ်ချင်းစာစိတ်ရှိဖို့က အဓိကဆိုတာ လူကြိုက်များအောင်ပြောကြသည့် Motivation စကားသက်သက်တစ်ခုလို့ပဲ ပန်ပန်မြင်သည်။ စိတ်စေတနာလည်းကောင်းပြီး ကိုယ်ချင်းစာစိတ်လည်းရှိသည့်အပြင် ပညာတတ်တစ်ယောက် ဖြစ်ထားခြင်းက ပိုမကောင်းဘူးလား။

မုန့်ဟင်းခါးတစ်ပွဲ၊ မေတ္တာဖြူးပါ၊ အချစ်မ​ပေါ့စေနဲ့ Where stories live. Discover now