သူ့သားမရှိတော့သည့် ထိုအချိန်ကတည်းက ဒီလူယုံငါးယောက်က သူနဲ့ ဒီမြေးနှစ်ယောက်ဘေးမှာ ဆက်ရှိပေးနေခဲ့ကြတာ ဖြစ်သည်။ သူတို့စိတ်ရင်းနဲ့သာ ဆက်ရှိပေးနေကြသူတွေကို သူ လစာတောင် မပေးနိုင်သော်လည်း မငြိုငြင်ဘဲ သစ္စာရှိပေးခဲ့ကြတာ ဖြစ်သည်။ ပိုင်ဆိုင်မှုများကို အကြွေးအဖြစ် ထိုးဆပ်ရပြီး ဒီလူငါးယောက်နှင့်အတူ စီးပွားရေးလေး ရရာလုပ်ရရင်း အကြွေးတွေ ထပ်ဆပ်ရကာ ကလေးနှစ်ယောက်ကို ဦးနေရိပ် မွေးခဲ့ရသည်။

ရိပ်ကို မွေးရင်း သူ့အမေဆုံးရတာမို့ ဒီကလေးကို ငယ်ငယ်ကတည်းက သူ့သားက မျက်နှာတောင်မကြည့်၊ ချီတောင်မချီဖူး။ အဖေက မချစ်သည့် ဒီကလေးကို သူကိုယ်တိုင်လည်း သံယောဇဉ်မရှိ၊ ချစ်လည်းမချစ်ပေ။ သူ့အစ်ကိုဖြစ်သည့် နောင်ရိုးရိပ်ကသာ သူ့ညီကို တော်တော်လေး ချစ်ရှာတာ ဖြစ်၏။

ငယ်ငယ်ကတည်းက လူကြီး‌တွေ စိတ်ရှုပ်နေလည်း အရိပ်အကဲမသိ လိုက်ကပ်နေတတ်ပြီး ဂျီကျတတ်သည့် ရိပ်ထံ၌ လိမ္မာတာတစ်ခုတော့ ရှိပါ၏။ ထိုအရာကား ယောက်ျားသားတွေပဲ ရှိသည့် အိမ်မို့ ထမင်းအိုး ဟင်းအိုးကြီးတာကြောင့် ထမင်းဟင်းတွေကို ဝေပုံကျ စားကြရတာဖြစ်သည်။ လစာမပေးနိုင်သည့် ဒီလူယုံတွေကို ထမင်းဟင်းတော့ အကောင်းဆုံးမဟုတ်တောင် ဝဝလင်လင် ကျွေးနိုင်ဖို့ ဦးနေရိပ် အမြဲကြိုးစားသည်။ သိတတ်လွန်းသည့် ဒီလူတွေ စားရဖို့ကို သူ့မြေးလေးတွေ စားရဖို့ထက်ပင် သူ အလေးထားတတ်သည်။

ထိုအချိန်တိုင်း ရိပ်က သူ့ဝေစုကို သူ့အစ်ကိုကိုပဲ ကျွေးတတ်တာကို သူ သတိထားမိခဲ့သည်။ ဟင်းကောင်းကောင်းစားရသည့်ရက်တိုင်း ထိုကလေးက သူ မစားဘဲ ‌အစ်ကိုကိုသာ မျက်နှာလုပ်လေ့ရှိ၏။ အမြဲလိုလို ဆီနဲ့ဆားနဲ့ ပဲပြုတ်နဲ့သာ နယ်ဖတ်စားတတ်ပြီး အသားဟင်းတွေကို မကြိုက်ဘူးဟု အမြဲပြောတတ်သည့် ရိပ်ကို ဦးနေရိပ် ထိုအချိန်ကတော့ တစ်ယောက်စာ သက်သာလည်း မနည်းဟု သဘောထားလိုက်ပြီး မသိချင်ယောင်ဆောင်နေလိုက်သည်။

အိမ်စေတွေမရှိ‌တော့ကတည်းက ပန်းကန်ဆေးရသည့် တာဝန်က ဒီက‌လေး တာဝန်မို့ ဆေးရမည့်ပန်းကန်တွေကြား တခြားသူများ၏ပန်းကန်ထဲက အကျန်တွေကိုသာ မီးဖိုချောင်ထဲ၌ တိတ်တိတ်လေး ခိုးခိုးစားနေတတ်တာကို ဦးနေရိပ် မြင်လိုက်ရတိုင်း စိတ်တော့မကောင်းမိသော်ငြား သူ မကျွေးတာလည်း မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် လောကွတ်ချော်နေတာပဲမို့ မသိကျိုးကျွံသာ ပြုထားလိုက်တော့သည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now