အခုချိန် ပြန်ဖတ်မိလည်း သူ စူးစူးနင့်နင့် နာကျင်နေရဆဲပင်။

ကိုကို သူ့ကို ချစ်ပါတယ်ဆိုပြီး ဘာလို့များ ဒီလောက်ထိ သူ့အပေါ် လုပ်ရက်ခဲ့ရတာလဲဆိုတာ သူ တကယ် နားမလည်နိုင်။ လက်မခံနိုင်။ ကိုကို အဲ့လောက်ထိ မပန်းအပေါ် အချစ်ရူးဖြစ်နေမယ်၊ အချစ်ကြီးနေလိမ့်မယ်လို့လည်း သူ မတွေးခဲ့မိ။ သူကရော ကိုကို့ကို လက်လွှတ်လိုက်ရလျှင် အရူးတစ်ပိုင်း ဖြစ်သွားနိုင်တယ်ဆိုတာ ကိုကို မသိလေရော့သလား။

မပန်းကို ကိုကို တောက်လျှောက် လိုက်နှောင့်ယှက်နေသည်ဟု အဖိုး လှမ်း‌ ပြောလာတာကြောင့် သူ ကိုကိုရှိရာ ဒီနိုင်ငံကို ချက်ချင်း ပြန်လာခဲ့ပြီး ကိုကို့ကို လျှောက်မလုပ်ဖို့ လာတားယူခဲ့ရ၏။ သို့ပေသိ သူ့စကားတိုင်းကို လိုက်လျောတတ်ခဲ့သည့် ကိုကိုတစ်ယောက် သူ့ကိုပင် ပြန်မောင်းထုတ်လိုက်ကတည်းက သူ စိတ်ဆိုးပြီး ဒီနိုင်ငံမှ ပြန်ထွက်သွားခဲ့မိသည်။ 

ကိုကို မပန်း၏ မင်္ဂလာပွဲထိတိုင် လိုက်နှောင့်ယှက်ခဲ့ပြီး ပွဲမထွက်ခင် သတို့သမီးကို ကားတင်ပြေးခဲ့၏။ တေဇ မြင်လိုက်ပြီး လိုက်သွားခဲ့တာကြောင့် ကိုကို့အကြံအစည်တွေ ကမောက်ကမဖြစ်ခဲ့ရ၏။ ထိုအချိန်၌ သတို့သမီးဝတ်စုံနဲ့ မပန်းက ကိုကို့ကို အကြောက်လွန်ပြီး ကားပေါ်မှ ဆင်းပြေးခဲ့ရာမှ ကားလမ်းကိုပါ ဖြတ်ပြေးသည်။ ထိုအရာက မပန်းကို လူ့လောကထဲမှာ ကိုကို နောက်ဆုံးမြင်လိုက်ရခြင်းဖြစ်သည်။

သူ ဒါတွေကို ချက်ချင်းမသိခဲ့ရပေ။ အဖိုး သူ့ကို လှမ်းမပြောလာသလို ကိုကို ရည်းစားထားမှာကိုတောင် မကြိုက်သည့် သူကလည်း ကိုကို သူ့ကို တခြားတစ်‌ယောက်ကြောင့် ရန်သူလို ဆက်ဆံလာကတည်းက သူ စိတ်ဆိုးမိတာမို့ အဆက်အသွယ် ဖြတ်ပြီး တခြားနိုင်ငံမှာ နေချင်သလိုနေနေခဲ့၏။

ကိုကို တစ်ခုခုဖြစ်တိုင်း သူ့ခန္ဓာကိုယ်ကပါ လိုက်နာကျင်ရသူမို့ ကိုကို ထိုအချိန်တွေက အတော့်ကို ပြိုလဲနေခဲ့မှန်း သူ သိတော့သိသည်။ အကြောင်းမူ သူပါ ရက်တိုင်းနီးပါး တရှောင်ရှောင်နဲ့ ခန္ဓာကိုယ်တွေ လိုက်ပါနာကျင်ခဲ့ရတာမို့ပင်။

သခင့်ခြေတော်ရင်း [Completed]حيث تعيش القصص. اكتشف الآن