ပျံ့လွင့်နေသောစိတ်အာရုံကို ပြန်လည်စုစည်းကာ ဟိုးအဝေးခပ်လှမ်းလှမ်းတွင် လှမ်းမြင်နေရသည့် ချီမြို့တော်နယ်စပ်တွင် ထွန်းညှိထားကြသည့် မီးရောင်မှိန်ပြပြများအား လှမ်းကြည့်ရင်း သက်ပြင်းအသာချမိသည်။ လရောင်အကူဖြင့် ထိန်ထိန်လင်းနေသော တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်အတွင်း သက်ပြင်းချသံမှာ အနည်းငယ်မျှ ကျယ်သွား၍ထင်။ သူထိုင်နေရာ ပင်စည်အောက်တည့်တည့်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

"ရှောင်းကျန့်လား။"

"အာ အစ်ကိုလီ။ အိပ်ပြီ ထင်နေတာ။"

လရောင်အကူဖြင့် မြင်နေရသော သစ်ပင်အောက်ခြေမှ အပေါ်သို့ လှမ်းမျှော်ကြည့်နေသည့် အစ်ကိုလီအား အသာပြုံးပြရင်း လေသံတိုးသဲ့သဲ့ဖြင့် ပြန်လည်ဖြေကြားသည့်အခါ အစ်ကိုလီဆိုသူက အသာပြုံးပြလာ၏။ ထို့နောက် မည်သည့်စကားမျှ မဆိုသေးဘဲ ရှောင်းကျန့်ရှိသည့် သစ်ပင်ပေါ်သို့ တွယ်တက်လာကာ ရှောင်းကျန့်ဘေးနား ဝင်ထိုင်လာသည်။

"ကိုယ်က အကြီးအကဲဖြစ်နေပြီလေ ညီရဲ့။ အားလုံးရဲ့ လုံခြုံရေးကို ကိုယ်တာဝန်ယူရမှာ။ သူတို့အားလုံး မအိပ်သေးဘဲ ကိုယ်က အစောကြီးအိပ်လို့မှ မဖြစ်ဘဲ။"

ထိန်ထိန်သာနေသည့် လမင်းကြီးထံ အကြည့်တို့ပို့ထားရင်း စကားတစ်လုံးချင်းစီတိုင်း ဖြည်းဖြည်းနှင့်အေးအေးပြောလာသော အစ်ကိုလီမှာ အိုမီဂါတို့၏ အကြီးအကဲတစ်ယောက်ပီသစွာ ရင့်ကျက်တည်ငြိမ်မှု အပြည့်နှင့်။ မရှေးမနှောင်း အချိန်ကာလကလေးကမှပင် ဖခင်ဖြစ်သူ အကြီးအကဲဆုံးပါးသွားပြီးနောက် အိုမီဂါတို့အား ဆက်လက်အုပ်ချုပ်ရန် တာဝန်ရှိလာခဲ့သော အစ်ကိုလီမှာ မည်သို့သောငြီးငြူစကားကိုမှမဆိုဘဲ အကြီးအကဲတာဝန်အား ကျေပွန်အောင် ဆက်လက်ထမ်းဆောင်ခဲ့သည်။ ကြီးလေးလှသော တာဝန်ဝတ္တရားတို့နှင့်အတူ လက်အောက်တွင် ခိုလှုံလျက်ရှိကြသော အိုမီဂါတို့၏ လုံခြုံရေးအား အပြည့်အဝတာဝန်ယူရင်း အကြီးအကဲကောင်းတစ်ယောက် ပီသအောင် ကြိုးစားနေသည်မှာ ရှောင်းကျန့်အပါအဝင် အိုမီဂါများအားလုံး၏ မျက်မြင်ကိုယ်တွေ့။

HN (Hellishness)Where stories live. Discover now