"ဒီလိုဆိုရင်တော့ ပြဿနာပဲ.."
ကျောင်းအုပ်ယွမ်သည်လည်း ခေါင်းညိတ်လိုက်ပြီး အရှေ့တူရူသို့ ကြည့်လိုက်သည်။
"ရှေ့ဆက်သွားကြစို့.. ဒီနေရာမှာ ကောင်းတာ ဘာတစ်ခုမှ ရှိမှာမဟုတ်ဘူး.."
အားလုံး ဆုံးဖြတ်ချက်ချပြီးသည်ကို မြင်သည့်အခါတွင် ရှဲ့ကျွင်းသည်လည်း သူ၏စိတ်ထဲရှိ ထူးဆန်းသည့် ခံစားချက်အား ဖိနှိပ်ကာ ခေါင်းညိတ်လိုက်ရသည်။ ထို့နောက် အခြားသူများအား လိုက်မီရန် ခြေလှမ်းသွက်သွက် လှမ်းလိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် ရှောင်ဝူယိသည် သူ၏အင်္ကျီလက်အား ဆွဲလာပြီး မြေပြင်ပေါ်ရှိ တောရိုင်းပန်းလေးများအား ညွှန်ပြကာ သိလိုစိတ်အပြည့်နှင့် အပြစ်ကင်းစင်စွာ မေးလာသည်။
"ရှောင်ကျွင်းကျွင်းရေ.. ဒါက ဘာပန်းလေးလဲဟင်.."
"ပိစိလေး ဖြစ်နေတာနော်.. အရမ်းချစ်စရာကောင်းတာပဲ.."
ရှောင်ဝူယိ၏ အမေးကို ကြားသည့်အခါ လူတိုင်း မရယ်ဘဲ မနေနိုင်ကြချေ။ ကျေးလက်ဒေသသို့ အပျော်ခရီး ထွက်လာသည့်သဖွယ် ဖြစ်နေသည့် ချစ်စဖွယ်သွင်ပြင်နှင့် ကောင်ငယ်လေးအား လှည့်ကြည့်လိုက်ကြပြီး သူတို့၏ စိတ်ခံစားချက်များသည်လည်း ချက်ချင်းပင် ပေါ့ပါးသွားလေသည်။
ဗဟုသုတနှင့် ပြည့်စုံသော ကျောင်းအုပ်ယွမ်သည် အနီးကပ်ကြည့်လိုက်ပြီးနောက် ပြုံးလျက်နှင့် ရှောင်ဝူယိ၏ ခေါင်းကလေးအား ထိကာ တောရိုင်းပန်း၏ သိပ္ပံအမည်အား ပြောလေသည်။
"ဒီအပြာရောင်ပန်းလေးကို ဗာရိုနီကာပါစီကာ ပွာရ် လို့ခေါ်တယ်.. သူက ပြည်တွင်းမှာ အတော်လေး အတွေ့များတဲ့ ပန်းလေ.."
ဝူဝမ်ယွီသည် ရှောင်ဝူယိအား လှည့်ပတ်သွားမနေစေရန် လက်ဆွဲထားလိုက်သည်။
"ဟုတ်ပြီ.. ဟုတ်ပြီ.. ပန်းတွေကြည့်တာ တော်လိုက်တော့.. ငါတို့ ဒီနေ့ မြို့ထဲကို ရောက်ဖို့လိုတယ်.."
အဝေးသို့ ခေါ်ဆောင်သွားခြင်းခံရသော ဟမ်းစတားလေးသည် ခြေလှမ်း သုံးလှမ်းမျှ လှမ်းပြီးချိန်တွင် တစ်စုံတစ်ခုအား သိထားသကဲ့သို့ နောက်လှည့်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/291408705-288-k391631.jpg)
Chapter 18 🐹
Start from the beginning