"ဘယ်ဆင်းပြေးမလို့လဲ၊ ငါ့ပစ္စည်းတွေကို ထပ်ပြီး သွားဖျက်ဆီးဦးမလို့လား၊ ငါ့ဘေးမှာပဲ ငြိမ်ငြိမ်အိပ်တော့"

"ငါ ဒီည မင်းဘေးမှာ တကယ်အိပ်လို့ရလား"

တေဇ သူ့ခေါင်းအောက်ထဲသို့ သူ့လက်နှစ်ဖက်ကို ထည့်လိုက်ကာ ခေါင်းခုလိုက်ရင်း အိပ်လို့ရကြောင်း မျက်စပစ်ပြလိုက်သည်။ သူ ရိပ်အား ညစ်တီးညစ်ပတ် စနောက်ချင်နေသော်ငြား တပြိုင်တည်းမှာလည်း ထိုအလှလေးက သူ့အတွက် ထူးခြားနေသလို ခံစားနေရသည်။ မျက်ဝန်းတွေရဲနေသည့် ရိပ်ကို သူ မစချင်တော့၊ စိတ်ရှုပ်အောင်လည်း မလုပ်ရက်တော့၊ အေးချမ်းစွာသာ ပေးအိပ်လိုက်ချင်သည်။

သူ့ဘေးက ခေါင်းအုံးပေါ် ရိပ် လှဲချလာသည်။ သူ့စောင်ခြုံအောက်ထဲပါ တိုးဝင်လာပြီး သူ့ကိုပါ အိပ်တော့ဖို့ ပြန်အချက်ပြသည်။ တေဇ နာခံစွာသာ ခေါင်းညိတ်လိုက်ရင်း မျက်လုံးမှိတ်လိုက်၏။ ခုနကလို တစ်ယောက်နဲ့တစ်ယောက် ဖက်တွယ်ထားခြင်းတော့ မရှိတော့သော်ငြား ရိပ် သူ့ဘေးအိပ်လိုက်တာက သူ့တစ်ကိုယ်လုံး နွေးထွေးခြင်းအတိ လွှမ်းခြုံသွားသလ်ိုအထိ ခံစားလိုက်ရ၏။ သူတို့ အမြဲတူတူအိပ်ဖူးနေသလို ခံစားချက်မျိုးကြောင့် သူ တစ်ညလုံး အတွေးများလျက်ရှိသည်။ တစ်ညလုံးလည်း သူ ရိပ်ကို ငေးကြည့်နေမိလျက်ရှိသည်။

"မင်းက ငါ့ရဲ့ တကယ် ပဌာန်းဆက်များလား"

တေဇ သူ့ဆံပင်သူ ထိုးဖွရင်း တိုးတိတ်စွာ ဆိုမိကာ ထထိုင်လိုက်ချိန်သည်ပင် မနက်လင်းခါနီးနေပြီဖြစ်သည်။ သူ တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ဘဲ အိပ်မောကျနေသည့် ရိပ်ကိုသာ ကြည့်လျက်ရှိတာကြောင့် မျက်လုံးကြောင်သွားသည့်အလား။

ဒီကောင်လေး သူ့အတွက် ဘာလို့ထူးခြားနေလဲ သူ အဖြေရှာမရခဲ့သော်ငြား ဒီကောင်လေးက လွန်စွာမှ လှပလွန်းတာကိုတော့ သူ တစိမ့်စိမ့်ကြည့်ရင်း လက်ခံလိုက်မိ၏။

--------------------

မနက်ခင်းတိုင်း အိပ်ရာစောစောထလေ့ရှိသည့် ဦးမဟာ သူ့တုတ်ကောက်ကို အားပြုရင်း စားဖိုဆောင်ဖက်သို့ လျှောက်လာသည်။ သူ့မြေးလေး မနိုးခင် မြေးအတွက် မနက်စာကို သူ ကိုယ်တိုင်လုပ်ပေးချင်သည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now