လုပ်ကြံမှုတိုင်းကို ကျော်ဖြတ်နိုင်ခဲ့သည့် တေဇသည် အလွန်သတိရှိသူဖြစ်သည်။ အခုလည်း သူ့ကုတင်ပေါ် လူတက်လာတာကို ချက်ချင်း သိလိုက်သည့် တေဇတစ်ယောက် ရိပ်မှန်းလည်း သိလိုက်တာမို့ ငြိမ်သက်စွာ အခြေအနေစောင့်ကြည့်လျက်ရှိသည်။

ဒီကောင်လေး ဘာလို့ သူ့ကုတင်ပေါ် ခုလိုတက်လာလည်း မသိ။ သူ့ကို အန္တရာယ်ပြုမည့်အရိပ်အယောင်တော့ မရှိပုံ။ သူ အသင့်အနေအထားဖြင့် နားစွင့်လျက်ရှိစဉ် ရိပ်ဆီမှ ရှိုက်သံသဲ့သဲ့ကြားလိုက်ရချိန်၌ တေဇ သူ့မျက်လုံးများကို ချက်ချင်းဖွင့်လိုက်ကာ ခေါင်းစောင်းကြည့်လိုက်ရင်း သူ့လက်များက အလိုအလျောက် ရိပ်ပခုံးကို သိုင်းဖက်လိုက်မိသည်။

"ဘာဖြစ်လို့လဲ"

ဘာမှပြန်မဖြေဘဲ ရိပ် သူ့လက်မောင်းပေါ် ခေါင်းအုံးလာကာ သူ့ခါးအား တင်းကျပ်စွာ သိုင်းဖက်ထားရင်း သူ့ဘယ်ဖက်ရင်ဘတ်ပေါ် မျက်နှာအပ်ရင်း ရှိုက်ငိုလျက်ရှိဆဲပင်။

တေဇ နားမလည်နိုင်စွာဖြင့်သာ ရိပ်အား တင်းကျပ်စွာ ပြန်ထွေးပွေ့ထားပေးလိုက်မိ၏။ ညနေကတည်းက စိတ်ပုံမှန်ဟုတ်ပုံမရသည့် ရိပ်က သူ့ပစ္စည်းများစွာကို သောင်းကျန်းပစ်ခွဲခဲ့သည်။ အခုလည်း နာနာကျင်ကျင် ငိုနေပြန်သည်။

တေဇ ထိုကောင်လေး၏ ကျောကို ခပ်ဖွဖွပုတ်လိုက်ကာ သူ့မေးဖျားဖြင့် ရိပ်၏ဆံနွယ်များကို ပွတ်သပ်လိုက်ပြီး ချော့နေစဉ် ထိုကောင်လေး၏ ရှိုက်သံတွေကြားက သူ့ရင်ဘတ်ထဲ ခေါင်းတိုးဝင်တော့မတတ် ပြန်လည်ပွတ်သပ်နေရင်း သူ့အား ကိုကိုဟု ခေါ်လိုက်သံကို တေဇကြားလိုက်ရသည်။

"ဪ၊ လက်စသတ်တော့ မင်းက ငါ့ကို သခင်လေးလို့ မခေါ်ချင်ဘဲ ကိုကိုလို့ ခေါ်ချင်နေတာကိုး၊ ကျယ်ကျယ်ခေါ်လို့ရပါတယ်၊ ပြန်ခေါ်ကြည့်"

ထိုကောင်လေး ငိုနေတာကို စိတ်ပြောင်းအောင် တေဇ နောက်ပြောင်လိုက်သည်။ ထိုကဲ့သို့ ကြားလိုက်ရချိန်မှ ရိပ် သတိကပ်သွားကာ သူ အခု ဘာလုပ်မိနေလဲ ထိတ်လန့်သွား၏။ ရိပ် ကုတင်ပေါ်က ချက်ချင်း ထဖို့ ပြင်စဉ် တေဇ သူ့အား ပခုံးမှ ပြန်ဖိချလာသည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now