ရှင်သန်ဖို့ရန် အကောင်းဆုံးကြိုးစားနေကြသည်မှာ အမှန်တကယ် ကောင်းမွန်လှသည်။

ရှောင်ဝူယိသည်လည်း ပတ်ဝန်းကျင်၏ လွှမ်းမိုးခံလိုက်ရပြီး ရဲရဲနီနေသည့် နှာခေါင်းလေးဖြင့် နျဲ့ရှောင်အားဖက်ကာ ငိုကြွေးသည်ကြောင့် နျဲ့ရှောင်မှာ ပျော်ရွှင်မှုနှင့် နွေးထွေးမှုကို ခံစားလိုက်ရသည်။

“အားလုံး အသက်ရှင်ကြတယ်တဲ့ ဒယ်ဒီ...”

နျဲ့ရှောင်သည် ကောင်ငယ်လေး၏ ဦးခေါင်းအားပွတ်ကာ နူးညံ့သိမ်မွေ့လျက်ရှိသည့် မျက်လုံးထဲတွင် မျှော်လင့်ချက် အလင်းရောင်များ တောက်လောင်လျက်ရှိသည်။

“အွန်း.. အရာအားလုံး ပိုကောင်းလာမှာပါ..”

ထို့နောက် ကျောင်းအုပ်ယွမ်တို့သည် အခြားအခြေစိုက်စခန်းများနှင့် အဆက်မပြတ် သတင်းဖလှယ်ကြလေသည်။ ဤညတွင် လူတိုင်းအိပ်ရေးပျက်တော့မည်ပင်။

နျဲ့ရှောင်နှင့် ဝူယိသည်လည်း ကျောင်းအုပ်ယွမ်နှင့်အတူ သတင်း စောင့်လိုကြသည်။ သို့သော်လည်း တစ်နေ့လုံး စခန်းအပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်လျက် ရှိကြသည်။ ထို့အပြင် မနက်ဖြန်တွင်လည်း စခန်းအပြင်ထွက်ရမည် ဖြစ်သဖြင့် လူတိုင်းသည် သူတို့အား အကြင်အနာမဲ့စွာဖြင့် အိပ်စက်ရန် စေခိုင်းကြလေသည်။

“သွား သွား သွား.. ခန္ဓာကိုယ်နဲ့ အလုပ်လုပ်တဲ့သူတွေက ဦးနှောက်သုံးရတဲ့ အလုပ်တွေမှာ ဝင်ပါဖို့ မလိုအပ်ဘူး.. မြန်မြန်သွားအိပ်ကြတော့..”

ကျောင်းအုပ်ယွမ် ဆူပူလိုက်သည်။

“မင်းတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားချင်လို့လား..”

အဆူခံလိုက်ရသည့် ရှောင်ဝူယိသည် နျဲ့ရှောင်၏နောက်တွင် ပုန်းနေရင်းဖြင့် ခပ်တိုးတိုး ပြန်ပြောလေသည်။

“အဖိုးကြီးတွေလည်း ကောင်းကောင်းအနားယူသင့်တာကို..”

ကျောင်းအုပ်ယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် ကျောင်းအုပ်တစ်ဦး၏ ခပ်တင်းတင်း မျက်နှာထား ဖြစ်လာကာ ကောင်ငယ်လေးအား မျက်နှာသေနှင့် အယူအဆ အလွဲအမှားများကို ပြောလေသည်။

  ဟမ်းစတားလေး ဝူယိ (ဘာသာပြန်)Where stories live. Discover now