အိပ်ယာထစ သြရှရှလေသံနဲ့ ထိုစကားများကိုကြားရချိန်မှာတော့ သူ့မှာ မျက်နှာမပူဘဲမနေနိုင်တော့ချေ။ ဖက်တွယ်ထားသည့် လက်တွေကို တွန်းဖယ်ရင်း ညည်းညူမိတော့သည်။

" ကြက်သီးထအောင် မပြောစမ်းပါနဲ့ မိုးသောက် "

" တကယ်ပြောတာ... အဲ့တာ ဆေးကျောင်းတက်နေကတည်းက ငါ့ရဲ့စိတ်ကူးပဲ မရောက်ဖူးသေးတဲ့ရှမ်းပြည်ကို မှန်းဆပြီး မပိုင်ဆိုင်နိုင်သေးတဲ့ ရှမ်းကောင်လေးတစ်ယောက်ကို ငေးခဲ့ရတဲ့အချိန် စိတ်ကူးယဉ်အိပ်မက်တွေကသာ ငါ့ကို ပျော်ရွှင်စေခဲ့တာလေ "

မနက်စောစောအိပ်ရာထဲကွေးမည့်အစီအစဉ်ဟာ Dr မိုးသောက်ရဲ့စကားတွေကြောင့်ပျက်စီးကာ တောင်နေကြာတွေပွင့်တဲ့ ဂျာမဏီလမ်းဆီသို့ရောက်ရတော့သည်သာ။ ရှမ်းတိုင်းရင်းသားဝတ်စုံကို ဝတ်ခဲ့ပါဆိုသည့် မိုးသောက်ရဲ့တောင်းဆိုမှုကြောင့် ခေါက်ရိုးကျိုးအောင်သိမ်းဆည်းထားသည့် ဝတ္စုံကို ထုတ်ဝတ်လာခဲ့ရသည်။

မွေးကတည်းက မြင်တွေ့လာခဲ့ရသော တောင်တန်းတွေဟာ လှပလွန်းလှပါလားလို့ တွေးမိသည်မှာလည်း ပထမဆုံးအကြိမ်ပင်။ ဘုရားဖြူအကျော် မွစ၍ တောင်တက်တောင်ဆင်းများသောလမ်းတစ်လျှောက် တောင်နေကြာတွေဟာ ဝါဝါထိန်အောင် ပွင့်လို့နေခဲ့ပြီ။ ပြာလဲ့လဲ့ကောင်းကင်ကြီးနဲ့ အနီးဆုံးမှာရှိနေသလို တိမ်စိုင်တွေဟာလည်း မဝေးတော့သလို ခံစားရချိန် မှိုင်းညှို့ညှို့တောင်တန်းတွေကြားမှ ပန်းခင်းကြီးဟာ ရင်သပ်ရှုမောဖွယ်အတိ။

ပန်းခင်းအလယ်အထိ တိုးလျှောက်သွားသည့် မိုးသောက်အနောက်ကို မီအောင်လိုက်နေချိန် အရှေ့က မိုးသောက်ဟာ သူ့ဘက်ကိုလှည့်ကာ ကင်မရာတဖျပ်ဖျပ်နဲ့ ဓာတ်ပုံတွေရိုက်နေတော့သည်။

" ရှုခင်းပုံတွေကိုသာ ရိုက်စမ်းပါ မိုးသောက်ရာ "

တောင်နေကြာတစ်ပွင့်ကို ချိုးယူကာ လှမ်းလျှောက်လာသော မိုးသောက်က သူ့အနားထိလျှောက်လာခဲ့သည်။

" မြင်နေရတဲ့ရှုခင်းက အရမ်းကိုလှတယ် ဒါပေမယ့် မင်းကိုပါ တွဲမြင်ရတဲ့ ရှုခင်းကတော့ ပိုပြီးပြည့်စုံသွားရော.... "

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Onde as histórias ganham vida. Descobre agora